Skip to main content

စက်တင်ဘာ ၆ ရက် ၂၀၁၄

မနေ့ညနေ ကျောင်းက ပြန်လာတဲ့ သမီးငယ်က ထုံးစံအတိုင်း ကျောင်းက သူငယ်ချင်းတွေ အကြောင်း ဖောက်သည်ချသည်။ ပြီး သမီးသူငယ်ချင်းတွေက အတွင်းခံ အင်္ကျီတွေ ဝတ်နေကြတယ်ဆိုတဲ့ အကြောင်းပြောတယ်။ သူက အိုက်တတ်လွန်းလို့ အင်္ကျီတစ်ထပ်တည်းပဲ ဝတ်ချင်တဲ့သူ။ စိတ်ထဲ သတိထားမိပြီး သမီးငယ်ရဲ့ အသက်ကို ကမန်းကတန်း ပြန်တွက်မိ။ ဆယ်နှစ်ပြည့်ပြီးသွားတဲ့ သမီးငယ်က သေးသေးကွေးကွေးလေး။ အိမ်က အငယ်နှစ်ယောက်က သူတို့အတန်းထဲမှာ အသေးဆုံးလေးတွေဖြစ်နေကြတော့ မသိရင် အိမ်ကပဲ  အာဟာရပြည့်စုံအောင် မကျွေးထားသလိုလို။ အစားအသောက်ကြေးများတဲ့ သူတွေမို့ ဟိုဟာမစားဘူး၊ ဒီဟာကတော့ဖြင့် အရသာမရှိဘူး၊ အသီးအရွက်မကြိုက်ဘူးဆိုပြီး အတင်းကျွေးရင် ညာတာပါတေးနဲ့ အမှိုက်ပုံးထဲ သွားပစ်ထားတတ်တဲ့ ကလေးတွေ။

ဘာလိုပဲပြောပြော ဆယ်နှစ်ကျော်လာပြီဆိုတော့ ဆယ်ကျော်သက်ထဲ ဝင်လာတော့မယ့် သမီးငယ်တွက် ကိုယ်ဘာတွေ ပြင်ဆင်ရမလဲဆိုတာ ခေါင်းထဲ ရောက်လာခဲ့ပြီ။ သားကြီးကလည်း ဆယ့်ခုနစ်နှစ်ပြည့်ပြီးသွားဆိုပေမယ့် သူ့အဖေကိုပဲ ရှင်တို့ သားအဖအချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုဆုံးမထားလို့ ပြောပေမယ့် သူ့အဖေကတော့ အေးအေးဆေးဆေး လုပ်နေတာပါပဲ။ အင်း... သမီးကတော့ အမေ့တာဝန်ပေါ့။

ဆယ်နှစ်ကျော်ရင် ခန္ဓာကိုယ်အပြောင်းအလဲတွေ စတင်လာတော့မယ်ပေါ့။ သမီးငယ်က မသိသာပေမယ့် သူ့အရွယ် သူ့သူငယ်ချင်းတွေက ဖွံ့ဖြိုးထွားကျိုင်းနေတာကို သူတို့အချင်းချင်း Girl's talk တွေ ဘာတွေ ပြောကြမယ်ထင်တယ်။ သူများတွေ ဝတ်လာကြတော့ သူကျဉ်းကျပ်တယ်ဆိုပြီး မဝတ်ချင်ခဲ့တဲ့ အတွင်းခံအင်္ကျီတွေကို သူ့ဘာသာ ဝတ်ဖို့ စိတ်ကူးလာတယ်ထင်တယ်။ 

ကိုယ်တွေတုန်းကရော....။ ကောင်းကောင်း မမှတ်မိတော့ဘူး။ ကိုယ်က ငယ်ငယ်ကတည်းက တော်တော်ရှက်တတ်ခဲ့တယ်။ မှတ်မိသလောက်တော့ ခြောက်တန်းအရွယ်မှာ အိမ်က မိသားစုတွေရယ် တခြားမိသားစုတွေရယ် ချောင်းထဲလား မြစ်ထဲမှာလား ရေဆင်းချိုးကြတော့ ထဘီကို ရင်ရှားပြီး ရေထဲဆင်းခဲ့တာကို မှတ်မိနေတယ်။ အဲဒီတုန်းကလည်း ကိုယ်ဘယ်လိုလုပ်ရင် ကောင်းမလဲ ခေါင်းခဲခဲ့ရတာကိုး။ ဒါပေမယ့် အိမ်ပြန်ရောက်တော့ အပျိုူလုပ်ချင်တယ်ဆိုပြီး အဆူခံခဲ့ရတယ်။ ကိုယ့်မိဘတွေလည်း ကိုယ့်ကို အဲဒီအရွယ်ထိ ကလေးလို့ မျက်စိထဲ မြင်ယောင်နေလို့ဖြစ်မယ်.... သမီးငယ်ကို ကိုယ်မြင်သလိုပဲ မြင်နေခဲ့ပုံပါပဲ။

 ပြောရရင်တော့ အဲဒီအချိန်တွေကို ကိုယ်တယောက်ထဲ ဖြတ်သန်းခဲ့ရသလိုပဲ...  မေမေက ဘာမှ ကူညီ ပြင်ဆင်မပေးခဲ့ဘူးလားပဲ။ အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားမယ်လို့ ထင်နေပုံပါပဲ။ အလိုလိုနေရင်းကို အကုန်လုံးကို ဖုံးဖိပြီး ရှက်စရာကြီး လူမမြင်စေနဲ့လို့ တဖွဖွ ပြောတတ်နေခဲ့တဲ့ မိခင်ကို ကိုယ့်မှာ ဘာမှ ပြောစရာ တိုင်ပင်စရာ မရှိခဲ့တာကပဲ ကိုယ်တို့ သားအမိကြား မနီးစပ်စေခဲ့တာဖြစ်မယ်ထင်ရဲ့။ အမျိုးသမီးဆိုင်ရာ ဆေးပညာပေးဆိုင်ရာ ဆောင်းပါးေတွေကို လစဉ်ပုံမှန်ယူတဲ့ မဂ္ဂဇင်းတွေထဲကနေ ခိုးဖတ်ရတယ်။ တွေ့သွားရင် မဆိုင်တဲ့ စာတွေ ဖတ်တယ်ဆိုပြီး အဆူခံရသေးတယ်။ တခါတလေ မေမေ့စိတ်ကို ကိုယ် တကယ်နားမလည်နိုင်ခဲ့ဘူး။ အခုချိန်မှာ မေမေ့ကို ကိုယ်ပြန်မေးမိရင် ညည်းတို့လို ငါက ပညာတွေမှ မတတ်တာလို့ ခနဲ့တဲ့တဲ့ အပြောခံရတယ်။ အဲလိုတော့လည်း မဟုတ်သေးဘူးလေ... မေမေ စာတွေ ဖတ်နေခဲ့တာပဲ။ သူတို့ ခေတ်က child psychology တို့ ဘာတို့ အင်္ဂလိပ်လိုရေးထားတာတွေ ဖတ်နေခဲ့တာပဲ.... မေမေက အဲဒီလို အသင်ကြားခံခဲ့ရလို့လားဆိုပြန်ေတော့လည်း သူနဲ့ အတူတူ ကြီးပြင်းလာတဲ့ မေမေ့ညီမ အန်တီဆွေကျတော့ အဲဒီလို မဟုတ်ပြန်ဘူး။ အန်တီဆွေ့သမီးနှစ်ယောက်စလုံးက အဲဒီ့အချိန်တွေကို သူတို့ အမေ၊အဖွားလေးတွေရဲ့ အကူအညီနဲ့ အေးအေးဆေးဆေး ဖြတ်ကျော်ခဲ့တယ်ဆိုတာ နောင်ကြုံတော့ သိခဲ့ရတယ်။ အဒေါ်အစ်မတွေနဲ့ နီးနီးနားနားလည်း မရှိ၊ အချင်းချင်း ပြောစရာစကားမဟုတ်ဘူးလို့ သင်ကြားခံခဲ့ရတော့ သူများတွေ ပြောရင်နားထောင်ပြီး တိတ်တိတ်သင်ယူခဲ့ရတာ။ 

ခုခေတ်မှာတော့ ကိုယ်တို့မိသားစုက အချင်းချင်း မပြောရဲ မဆိုရဲစကားတွေ မရှိသလောက်ပါပဲ။ ဟိုတလောက အိမ်မှာမွေးထားတဲ့ ဆယ်လအရွယ် ခွေးမလေး အယ်လ်စာ အပျိုဖြစ်တော့ တအိမ်လုံး အုံးအုံးကျွက်ကျွက်နဲ့ပေါ့။ အဲဒီနေ့မတိုင်ခင်က သူက အောက်ကျနေတဲ့ ဆေးတွေကို ကိုက်ဖို့လုပ်နေတာ တွေ့သွားခဲ့တော့ သူများ မတည့်တဲ့ ဆေးတွေ စားမိလို့ သွေးယိုတယ်လို့ ထင်ကြတာပေါ့။ အဲဒါနဲ့ အမေ့ကို လာမေးတော့ အယ်လ်ဇာက အပျိုဖြစ်သွားပြီလို့ အတည်ပြုပေးလိုက်တော့ သူတို့တွေ တိုးတိုးကျိတ်ကျိတ် စကားဝိုင်းကြတယ်လေ။ သမီးငယ်က ဟိုစပ်ဒီစပ်နဲ့ အပျိုဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်တဲ့ ပုံစံပေမယ့် သားငယ်က ယောင်ဝါးဝါး။ သူ့အစ်ကိုအကြီးဆုံးက လူပျိုပေါက်ဆိုတာကို သိနေပေမယ့် ခွေးမလေး အပျိုဖြစ်တာကို သိပ်နားမလည်ဘူး။ သူ့ယောင်ဝါးဝါးကို ဆရာကြီးလုပ်ပြီး တတ်ယောင်ကား ဒိုင်ခံရှင်းတာက သူ့ညီမတော်။ နောက် ထုံးစံအတိုင်း သူ့အစ်ကို အူကြောင်ကြောင်ရဲ့ အကြောင်းလာဖွပါလေရော... မေမေ တောက်တောက်က သူ အပျိုဖြစ်ရင်လည်း အဲဒီလို သွေးတွေ ထွက်မှာလားလို့ မေးနေတယ်ပြောပြီး ရယ်ပွဲဖဲ့ွနေလေရဲ့။ တောက်တောက်က ယောင်္ကျားလေးလေ... အဲဒီလို မဖြစ်ပါဘူးလို့ သူကပဲ ဖြောင့်ဖြပေးလိုက်ရတဲ့ပုံပါပဲ။ 

အဲဒီတော့ ဘာပဲပြောပြော ဆယ်ကျော်သက်ထဲ ဝင်လာပြီဖြစ်တဲ့ အဲဒီအငယ်နှစ်ယောက်အတွက်တော့ အမေ ဘာတွေ ကြိုတင်လေ့လာပြီး ပညာပေးရမလဲဆိုတာ လေ့လာဖို့ အချိန်ရောက်နေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံကြားလိုက်တဲ့ အခိုက်မှာ မိခင်တယောက်ရဲ့ တာဝန်တွေကို ကျေပွန်ဖို့ ဆက်လက် ထပ်မံကြိုးစားလိုက်ပါဦးမယ်လေ။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...