Skip to main content

မောင်လူအေး လိုမျိုး ကိုယ့် ဇာတ်လိုက်ကို နံမယ်ပေးဖို့ စဉ်းစားနေတယ်။

ချစ်သူဘဝက ခေါ်တဲ့ နာမ်စားကို သုံးမလား။ မေလေး ဆိုတာက သိပ်နုနေသလိုပဲ။ ကိုယ်နဲ့ လိုက်ဖက်တယ် လို့ ဘယ်တုန်းကမှ မထင်မိ။

ချစ်သူဘဝတုန်းက အနုအရွမလုပ်တတ်တဲ့ သူက မနည်းစဉ်းစားပြီးု သုံးထားသည့် နာမ်စားမို့ အားနာနာနဲ့ လက်ခံထားရတာ။ တော်ကြာ ခေါင်းနောက်ပြီး နင်နဲ့ ငါနဲ့ဲပဲ အေးပါတယ်ဆို ရန်ဖြစ်စိတ်ကောက်ချိန်များတဲ့ သူတို့ချစ်သူဘဝ ရင်ခုန်စရာ အနုအရွ နာမ်စားလေးပါ မရှိပဲ ဖြစ်နေမစိုးလို့….။

ဒါဆို…မေလေးကို မကြိုက်ပြန်တော့ ပြောင်းပြန် လေးမေ ဆိုရင်ရော… စာရေးဆရာ ဦးသုမောင်က သူ့ချစ်ဇနီးကို လေးဘုံခေါ်သလား လေးမေခေါ်သလား…ဆရာမင်းလူရဲ့ မဟေသီနာမ်စားတခုလေးလား  ရောထွေးသွားပြန်သည်။

နောက်တမျိုး စဉ်းစားစမ်းပါလေ…. ကိုယ့်ဘာသာ ဘလော့ဂါယောင်ယောင် စာရေးဖူးသူယောင်ယောင် လု နံမယ်ရှာရတာတော့ တော်တော်တော့ ခက်သားကလား။ 

နံမယ်ပေးကောင်းပုံတွေကတော့ ပြောမနေချင်တော့ပါဘူးလေ...

ကိုယ့်သားသမီးတွေ နံမယ်တွေပဲ ကြည့်ဦး။ ပထမဦးဆုံး သားကြီးကျတော့ ကြာသပတေးသားမို့ " မိုး" သူ့ကို သွေးလှူပေးတဲ့ ဆရာဝန်ကြီးရဲ့ နံမယ် "ဟန်"၊ သူ့အဖေနံမယ် " ကျော်" ကို ယူပြီး မိုးဟန်ကျော်လို့ ငယ်ငယ်က ခေါ်တော့ သူ့အဖေက သူ့နံမယ်ဖျက်လေမယ့် သားရယ်လို့ တွေးလေသလား မသိ၊ ကျော် ပါတာ မကောင်းပါဘူးဆိုပြီး မိုးဟန် ဆိုပြီး သူများတကာ နံမယ်လေးလုံး ငါးလုံး ခေတ်မှာ နံမယ်နှစ်လုံးထဲနဲ့ ရိုးရိုးလေး မိုးဟန်...  ဆယ်တန်းအောင်တော့လည်း ရှင်းရှင်းလင်းလင်း ဂုဏ်ထူး တခုလေးနဲ့တောင် အရှုပ်မခံခဲ့တဲ့ သားကြီး။

အလတ် သားငယ်ကျပြန်တော့လည်း သမီးမွေးရင် စုအောင်ဆန်း၊ သားမွေးရင် ရဲရဲတောက်လို့ ပေးမယ်လို့ ြကြို ရွေး.....  ရဲရဲတောက်တို့ဗမာတွေ ဆိုတဲ့ သီချင်းစာသားထဲက ရဲရဲတောက် ပေါ့။ သူ့ကျ နံမယ်က သုံးလုံး။

သမီးငယ်ကျပြန်တော့ တနလာၤသမီး၊ ငယ်ငယ်ကထဲက ဂျစ်ကျကျလေးမို့ ကြည်ကြည်လင်လင် ဖြစ်စေချင်တာနဲ့ ကြည်လင်ထက်မြက်လို့ နံမယ်လေးလုံးနဲ့ လူစွာလေးဖြစ်သွားပြန်ရော….

တကယ်တမ်းကျ ကလေးတွေ နံမယ်ပေးတိုင်း စံဇာဏီဘို သွားမေး သေချာတွက်ချက်ပြီးမှ သူ ပေးထားတဲ့ နံမယ်တွေထဲက မရွေး.... ကိုယ်ပေးချင်တာတွေ ကိုယ့်စိတ်ကြိုက်ပေးခဲ့တာချည်းပဲ။

....
ဆိုတော့ သားသမီးသုံးယောက်ရဲ့ နံမယ်တွေက တယောက်နဲ့ တယောက် အဆက်အစပ်မရှိ၊ အဲဒီတော့လည်း မောင်နှမတွေ တယောက်မကောင်း နောက်တယောက်က မျက်နှာပျက်စရာ မလိုတော့ဘူးပေါ့လို့ ကိုယ့်ဘာသာ ဖြေတွေးတွေး။

ဒါတွေ ထားပါဦးလေ။ ကိုယ့်နံမယ် ဘယ်လိုပေးရင် ကောင်းမတုန်း။

ငယ်ငယ် ၁တန်း ၂ တန်းတုန်းက ဆရာမဒေါ်သန်းအေးကို သွားသတိရတယ်။
ဆရာမက ဆံပင်ကောက်ကောက်လေးနဲ့ ကိုယ့်ကို သိပ်ချစ်တယ်။ အားရင် ကာလီမွှေးလေး လာခဲ့ဦးဆို သူ့နားသွားရတယ်။ သူက ကိုယ့်ကို ဖက်ပြီး စကားစမြည်ပြော ဟိုမေး ဒီမေးပေါ့။ ကိုယ်ကတော့ ဆရာမ ကုပ်နေတဲ့ ဆံပင်ကောက်ကောက်ထဲက သန်းတွေကို ကြည့်ပြီး အသဲယားပေါ့။ ဆရာမကလည်း ကိုယ့်ကို ဆံပင်ကောက်တာချင်း တူလို့ ချစ်ခင်တာ ထင်ပါရဲ့

ကဲ… ကိုယ့်ဇာတ်ကောင်နံမယ်ပေးပြီနော်… ကာလီမွှေးလို့…..
ကိုယ့်ဆံပင်ကောက်ကောက်နဲ့လည်း လိုက်ဖက်တယ်။ မွှေးဆိုတာကလည်း ကာလီနဲ့ပေါင်းတော့ ပျော့မသွားဘူး။ နောက်ပြီး ကိုယ့်အမေ မယ်မွှေးရဲ့ နံမယ်လိုလိုလည်း ရောချလို့ရတာပေါ့လေ။...

ကာလီမွှေးတော့ လာချေပြီ.... :)  မကောင်းလည်း ထပ်ပြောင်းသေးတာပေါ့ကွယ်....

Comments

သက်ဝေ said…
ကာလီမွှေး မြန်မြန်လေး လာပါ... <3

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။