Skip to main content
"ယောနိသော မနသိကာရ" တဲ့

နှလုံးသွင်းမှန်ကန်မှုလို့ ဆိုကြတဲ့ စကားစုလေးပေါ့... 

ကိစ္စရပ်တခုတည်း အာရုံတခုတည်းကိုပဲ ကိုယ့်ရဲ့ နှလုံးသွင်း မှန်ကန်မှု၊ မမှန်ကန်မှုပေါ် မူတည်ပြီး ရလဒ်ကလည်း ပြောင်းလဲသွားတတ်တာမျိုး...

ကြားဖူးနေကျ ဥပမာဆိုရင် ဖိတ်စင်သွားတဲ့ ရေတဝက်နဲ့  ကျန်နေသေးတဲ့ ရေတဝက် ပေါ့…. ကိုယ့်အမြင် ကိုယ့်လက်ခံမှုပေါ်မူတည်ပြီး ရတဲ့ အကျိုးဆိုတာက ကိုယ့်စိတ်ခံစားမှုနဲ့ ပိုနီးစပ်မယ်ထင်တယ်...ကုသိုလ်, အကုသိုယ်၊ ကောင်းကျိုး ဆိုးပြစ်တွေက ဝေးနေသေးလို့...

ဒီကနေ့တော့ စားမယ်လို့ အပတ်တိုင်း ကြိမ်းဝါးထားတဲ့ နံနက်စာ ဘူးဖေးကို တကယ် သွားစားဖြစ်ကြတယ်.... သူတို့က နံနက်စာဆိုပေမဲ့ ကိုယ်တွေတွက်တော့ ဘရန့်ချ် ပေါ့…အရင်တခေါက်က အစားအသောက်ဖက် အာရုံစိုက်နေလို့ နောက်ဆို အေးအေးဆေးဆေး စကားလေးပြောရင်း စားကြတာပေါ့လို့ ဆိုတဲ့ အခေါက်မှ အချိန်က ကမန်းကတန်း…. 

ရိပ်သာတွေ ငယ်ငယ်ကတည်းက သွားထားလို့  အတိုင်းအဆ သတိထားတတ်အတဲ့ အလေ့အကျင့်ကြောင့် အစားအသောက်နဲ့  ပတ်သက်ပြီး သိပ်ပြီး ဒုက္ခမများဖူးဘူး... မျက်နှာချင်းဆိုင် နှစ်ယောက်သား စားလိုက် သောက်လိုက် စကားပြောလိုက်နဲ့ပေါ့....

ပြီးတော့ Sprit ဘက်သွားပြီး အပေါ်မှန်ကွဲနေတဲ့ ဖုန်းကို မှန်အသစ် ပြန်ကပ်, ကာဗာအသစ်လဲ...ပြီး ဟိုကြည့် ဒီကြည့်.... တန်ဆောင်တိုင်ပိတ်ရက်ဆိုတော့ လူအတော်စည်ကားတဲ့ နေရာတွေပေါ့...

ဟိုငေး သည်ငေး လိုတာလေးတွေ ဝယ်ခြမ်းပြီး အပြန် ရုံးဝင် လုပ်စရာရှိတာလုပ်မယ်ပေါ့....  အဲဒီမှာ ယောကျ်ားက ကိုယ့်လက်ကို ကိုင်ပြီး ဟန်းချိန်း ချွတ်ထားခဲ့တာလားလို့ ပြောမှ မနေ့ညကမှ အထားမှားပြီး ပျောက်သွားမှာ စိုးလို့  ပြန်ဝတ်ခဲ့လိုက်တဲ့ ဟန်းချိန်းလေး လက်မှာ မရှိတော့တာ သတိထားမိ...

ရွှေတွေ ကိုယ်မဝတ်ဖြစ်တာ အတော်ကြာနေပြီ...နားပေါက် ဖောက်မထားလို့ နားကပ်မရှိပေမဲ့ အရင်ကတော့ ဆွဲကြိုးလေးတကုံး, လက်စွပ်တကွင်းနဲ့ နာရီတလုံးကတော့ ကိုယ်နဲ့ အမြဲရှိခဲ့တဲ့ အဖော်တွေပေါ့...နောက်တော့ နာရီလည်း မပတ်ဖြစ်တော့သလို ရွှေတွေကိုလည်း မဝတ်ဖြစ်တော့ဘူး....ဟိုတလောကမှ မမြဲတဲ့ သဘောတွေ ဆင်ခြင်မိပြီး အော် ဒီခေတ်ကြီးထဲ မမြဲတာတွေ အရမ်းမြန်နေလေတော့ ငါ့ သူ အရင်စွန့်မလား, သူ့ ငါက အရင်စွန့်ဖြစ်သွားမလားမသိဆိုပြီး ပြန်ဝတ်ထားဖြစ်တဲ့ ကိုယ့်အလုပ်က ရတဲ့ လစာနဲ့ ပထမဆုံး ကိုယ်ပိုင်စစ်စစ် ယိုးဒယားဘတ်ရွှေဟန်းချိန်းလေး....

ပြာသွားတယ်... sentimental value အနေနဲ့တော့ မဟုတ်ဘူး.... ခုလို ကြပ်တည်းနေတဲ့ ခေတ်ကြီးထဲ ကိုယ်တိုင်လည်း ခက်ခဲနေတဲ့ သူတယောက်အနေနဲ့  အတော်နှမြောမိတယ်....နောက် Sprit သွားနေတုန်း အဖြတ်ခံလိုက်ရသလား စဉ်းစားမိပြီး မကျေမချမ်းဖြစ်မိ...ဖုန်းတလုံးနဲ့ ဝေါလက်လေးတလုံးကို ဘေးအိတ်နှစ်ဖက်ထဲထည့်ပြီး ပေါ့ပေါ့ပါးပါး သွားခဲ့တာကိုမှ....ပေါ့လျော့လေခြင်းလို့လည်း ကိုယ့်ကိုကိုယ် အပြစ်တင်မိတဲ့အပြင် လက်မှာ ဟန်းချိန်းဝတ်ထားတယ်လို့ အသိထဲမှာ အမှတ်ရမနေတာကိုလည်း မကျေနပ်တာ...ဟိုးတနေ့က အားနေတာနဲ့ လက်စွပ်နဲ့ ဟန်းချိန်းကို ချွတ်ပြီး ရှာလကာရည်နဲ့ baking soda ရောပြီး ဆေးခဲ့တာာကိုမှ မနေ့ကမှ ပြန်ဝတ်ဖြစ်တာ...

ကိုယ်တို့ ဆိုင်မှာ မျက်နှာချင်းဆိုင်ထိုင်စားနေတုန်း ကိုယ့်လက်မှာ ဟန်းချိန်းရှိနေ မနေ ယောကျာ်းကို မေးတော့ သူလည်း သတိမထားဖြစ်... ဟမ်.. မျက်နှာချင်းဆိုင် ထိုင်တာတောင် ရှင်က ကျုပ်ကို ကြည့်မနေလို့ သတိမထားမိရတာလားလို့ တိုက်စစ်ဖွင့်ဖို့ ပြင်တ…တကယ်က ကိုယ်ကိုယ်တိုင်တော့ မရေမရာဖြစ်နေတာ

မနက်ပိုင်းတုန်းက လှုပ်ခဲ့တဲ့ စိတ်ဟာ ဟန်းချိန်းပျောက်တော့ ပြန်လှုပ်လာရပြန်တယ်..... အဖြတ်ခံရတာလား...ပြုတ်ကျသွားတာပဲလား...ဘယ်အချိန်ထိ ရှိနေခဲ့တာလဲ...သဲလွန်စ ကို ရှာလို့ မရတော့ နှမြောစိတ်နဲံ စိတ်တွေက လှုပ်လိုက်တာ.....

ခဏနေတော့ စိတ်ထဲ ပံ့သကူ ပစ်လိုက်သလိုပါပဲလေ...ရတဲ့သူလည်း ထိုက်ထိုက်တန်တန် အကျိုးရှိပါစေလို့ စိတ်ထဲ သဘောထားမိသွားတော့ အတော်လေးကို ငြိမ်သက်သွားတာပါပဲ...နေလို့ အတော်အဆင်ပြေသွားတယ်....

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။