Skip to main content

သိပ္ပံမောင်၀ မှ ပေးစာများ (27.11.1941)

ကျမအဘိုးရဲ. လက်ရေးနဲ. ကျမအဘွားဆီ ပို့ခဲ့တဲ့စာတွေကို ရေးစုရင်း တင်ထားလိုက်ပါတယ်။

Lady Innes

C. Magwe

27th Nov: 1941

မြင့်


ကနေ.တော့ တရားဟောပွဲ မရှိလို. တော်တော်နေရာကျတယ်။ အခုဘဲ ဘကြွားတို.အိမ်က ညစာစားပြီး ပြန်လာခဲ့ကြတယ်။ တပျော်တပါးကြီးဘဲ။ အခု ၁၁-နာရီခွဲနေပြီ။ စာရေးရင်း ပြတင်းပေါက်ကနေ လှမ်းပြီး ကြည့်လိုက်တော့ လသာလိုက်တာ ထိန်နေတာဘဲ။ လရဲ.အရောင်ဟာ ဧရာဝတီမြစ်အပေါ်မှာ ဟပ်လိုက်တော့ တဖြတ်ဖြတ်နဲ.နေတယ်။ ရေစီးနေတဲ့ အသံလေးကလည်း တမျိုး၊ မြေပဲလှည်းတွေကလည်း တကျွီကျွီနဲ့ နေတော့တာဘဲ။ ကိုကိုတို. စလင်း၊ ကျောက်ဆည်၊ ရွှေဘိုမှာတုံးက ကြားရတဲ့ လှည်းသံတွေလို နေတယ်။ လှည်းသမားတွေကလည်း သီချင်း တအေးအေးနဲ.၊ မြစ်တဘက်ကမ်းက တောင်တန်းကလေးကိုလည်း ရေးရေးမြင်ရရဲ.။ အဲသည်လို ကြည်နူးဘွယ်ကောင်းတဲ့ အချိန်အခါမှာ ကို ချစ်တဲ့ သားသမီး ဇနီး ဆွေမျိုးတို.ကို လွမ်းဆွတ်တဲ့ ဓမ္မတာအတိုင်း လွမ်းဆွတ်တာပါဘဲ။ ကိုကို မလာခင်က သားကလေး၊ သမီးကလေးတွေနဲ.ပျော်ပျော်ပါးပါး ကန်တော်ကြီးကို သွားကြတာတွေ၊ တိရိစ္ဆာန်ရုံကို သွားကြတာတွေကို စာရေးရင်း ထင်ယောင်မြင်ယောင်နေတော့တယ်။


ကိုင်း။ ကနေ.အတွက် ဒိုင်ယာရီကလေးကို ရေးကြပါစို.။ မနက်စောစော လ္ဘက်ရည်သောက်ပြီးတော့ ကိုကိုတို.လူစုအားလုံးဘဲ မြသလွန် ဘုရားကို သွားဖူးကြတယ်။ မြို.ပိုင်မင်းနဲ. ဒုတိယမြို.ပိုင်မင်းတို.က မော်တော်ကား ၃-စီးနဲ. လိုက်ပို.တယ်။ မနက်ခင်းမှာ အေးအေးချမ်းချမ်း အင်မတန်မှ စိတ်ကြည်နူးဘွယ် ကောင်းတာဘဲ။ တယ်ပျော်စရာ လွမ်းဆွတ်စရာ ကောင်းတာဘဲ။ ဘုန်းကြီးကျောင်း ပညာသင်ကြားရေးစုံစမ်းတဲ့ အဖွဲ.ဝင် အမ်အေ ဦးသိန်းမောင်တို.လင်မယားကို ဘုရားယင်ပြင်ပေါ်မှာ တွေ.ကြတယ်။ ဒေါက်တာသိန်းမောင်တော့ ပါမလာဘူး။ သူတို.အဖွဲ.လည်း မကွေးမှာ -၃-ရက်လောက် ကြာမတဲ့။ လာဆုံတတ်ပလေ။ မြသလွန်ဘုရားကို ရွှေချနေလို. ငြမ်းတွေဆင်ပြီး ဖျာကြမ်းတွေ အုပ်ထားတယ်။ ဘုရားကို အသေအချာ အထင်အရှားကြီး မဖူးခဲ့ရဘူး။ ဘုရားလူကြီးတွေက စောင့်ပြီး ကြိုဆိုကြတယ်။ ဘုရားလူကြီးတယောက်ဟာ ဦးမောင်ကြီးတို.ဆီက ရွှေဘိုးအတင်းဘဲ အကြိမ်ကြိမ် အလှူခံတော့တာဘဲ။ သူအလှူခံလွန်းလို. - ရပ်တော်မူပါတော့ လို. တိတ်တိတ်အပြောခိုင်းရတယ်။ ဒါတောင်မှ - အရေးပိုင်မင်းလည်း တတ်နိုူင်သမျှ အလှူပါဝင်ပါရယ် လို. ကိုကို.ဆီ လှည့်လာသေးတယ်။ သဒ္ဓါမပေါက်တော့ဘူး။ မြို.ပိုင်ကို မေးကြည့်တော့ - အဲဒီဘုရားလူကြီးဟာ ပင်စင်စား ဆိုင်ထိုင် ရာဇ်မျိုးအရာရှိလို. ပြောတယ်။ ဒါကြောင့် ဒီလောက် အာပေါက်အောင် အလှူခံတာဘဲလို. အောက်မေ့တယ်။ ဦးမောင်ကြီးကတော့ ဘုရားကပြန်ခါနီးမှာ သဘောၤပြန်ရောက်တော့မှဘဲ တိုင်ပင်ပြီး အလှူပါဝင်တော့မယ်လို. ပြောခဲ့တယ်။ ကိုကိုကတော့ ဘာတစ်ခွန်းမှ မပြောခဲ့ဘူး။ ရှိရင်းစွဲ သဒ္ဓါဟာ ပျောက်ကွယ်လို.သွားတော့တာဘဲ။


ဘုရားကပြန်ရောက်တော့ မနက်စာစား၊ မနေ.က တရားပွဲအကြောင်း မှတ်တမ်းကလေး၊ ဘာကလေး ရေးသားနေခိုက်မှာ မြင့် မင်းဘူးပို.လိုက်တဲ့စာ ရောက်လာတယ်။ အတော်ဝမ်းသာသွားသပေါ့။ မင်းဘူးအရေးပိုင်ကတဆင့် မကွေးကို ပို.ပေးတယ်။ ကျေးဇူးတင်စရာဘဲ။ စာကိုဘတ်ကြည့်တော့ သတင်းတွေဟာ စုံပါရော။ မောင်မွှေးတို.အကြောင်းဘတ်ရတာ ဝမ်းသာလို.မဆုံးဘူး။ သူတို. ကျန်းကျန်းမာမာရှိတယ်လို. ရှိတယ်လို. ကြားရတာ ဘယ်တူရိယာအသံကို ကြားရတာနဲ့မှ မတူဘူး။


ကနေ.တနေ.လုံး အိုက်လိုက်တာ ချွေးတလုံးလုံးနဲ. နေတာဘဲ။ ကိုကိုတို.အခန်းက အနောက်ဘက်ကို မျက်နှာပြုနေလို. ပူလိုက်တာ မပြောပါနဲ.တော့။ ချောက်မှာတုန်းက သည်လောက် မပူဘူး။ အခု မကွေးကျမှ ဘာဖြစ်လို. သည်လောက်ပူတယ်မသိ။ နေ.ခင်းဆိုရင် အခန်းထဲမှာကို မနေနိူင်ဘူး။


ညနေ - ၄-နာရီထိုးတော့ ဘကြွားနဲ. ကျော်စိန်တို. ပေါက်လာကြတယ်။ သူတို.နဲ.အတူ ဂေါက်သီးကွင်းကို လိုက်သွားပြီး ဂေါက်သီးရိုက်တယ်။ ဘကြွားကတော့ မရိုက်နိူင်ရှာပါဘူး။ ဒူးနာနေလို.တဲ့။ ၂-တွင်းရိုက်ပြီး ပြန်သွားတယ်။ ကျော်စိန်လည်း သင်ခါစမို. ကောင်းကောင်းမရိုက်တတ်ရှာပါဘူး။ ဒေါက်တာသိန်းမောင်ကို သွားခေါ်ပြန်တော့လည်း သူကောင်းကောင်း မရိုက်တတ်လို. မရိုက်ပါရစေနဲ.တဲ့။ ဒါကြောင့် ကိုကိုနဲ. ကျော်စိန်တို. ၂-ယောက်တည်း ရိုက်ကြတယ်။ မြေကြီးဟာ မာလိုက်တာ မပြောပါနဲ.တော့။ ရန်ကုန်ကမြေနဲ. နည်းနည်းမှ မတူဘူး။ နိူ.ပေမယ့် ကျော်စိန်.ကိုတော့ ကောင်းကောင်းနိုင်လိုက်တယ်။ ညနေက ဂေါက်သီးကွင်းမှာ ဂေါက်သီးကစားသူတွေ မရှိဘူး။


ကိုကိုတို. ဂေါက်သီးသွားကစားနေတဲ့အခါမှာ ဦးမောင်ကြီးကတော်နဲ. သမီးများ၊ မင်းကြီးကတော်က ဘိတ်ထားလို. လ္ဘက်ရည်ပွဲကို သွားတယ်။ ဦးမောင်ကြီး ဓာတ်စာစားနေလို. ယောကျာၤးတွေကို မဘိတ်ဘူး။ မိန်းမတွေကိုသာဘိတ်တယ်။ ကိုကိုတို. ဂေါက်သီးရိုက်ရာက ပြန်လာတော့ သူတို.လည်း ပြန်ရောက်ကြပြီ။


ရေမိုးချိုးပြီးတဲ့နောက် ဘကြွားတို.အိမ်မှာ ညစာသွားစားကြတယ်။ ကိုကိုရယ်၊ ဦးဘသန်းရယ်၊ ဘိုးဇုံရယ်၊ ဦးစံတင့် ဆိုတဲ့ အင်းဝသားတရားဟောဆရာရယ်၊ ကိုထွန်းဖေရယ် ငါးယောက်သားပေါ့။ ဘကြွားတို.အိမ်မှာ ကျော်စိန်နဲ. ဘီလစ်ဦးဉာဏ်ဘွားဆိုတာ စောင့်ကြတယ်။ တပျော်တပါးကြီး သောက်လိုက်ကြတာ မပြောပါနဲ.တော့။ ဝီစကီ -၂-ပုလင်း ပြောင်ပါရော။ ဘကြွားကတော့ အရင်အတိုင်းပါဘဲ။ အသောက်ကို နဲနဲမှ မလျှော့သေးဘူး။ ကြာရင်ခက်မှာ စိုးရတယ်။ အသက်အန ္တရာယ်ဖြစ်မယ်လို. ပြောပေမယ့် သူ ဂရုစိုက်ပုံ မရဘူး။ တော်တော်ခက်တဲ့လူဘဲ။ တသက်လုံး သည်လိုသွားမယ် ထင်ပါရဲ.လေ။ သူ.မယား မသိန်းမေလဲ အရင်ကလိုဘဲ သူ.အလိုကို လိုက်နေရရှာတယ်။ သူတို.အိမ်မှာ ကျော်စိန်.ရဲ.မယားနဲ.လည်းတွေ.တယ်။ ကျော်စိန်ကတော့ အရင်ကလောက် ရမ်းပုံ မရဘူး။


သူတို.သောက်နေကြလို. အတန်ကြာမှ ထမင်းစားရတယ်။ ဝမ်းဘဲပေါင်းဟာ ကောင်းလိုက်တာ လွန်ပါရော။ တရုပ်ဆိုင်မှာ အပေါင်းခိုင်းတာနဲ.တူတယ်။ တရုပ်ထမင်း၊ တရုပ်ဟင်းတွေကို မစားရတာ ကြာလို.လား မပြောတတ်ဘူး။ ထမင်းမြိန်လိုက်တာ လွန်ပါရော။


ထမင်းစားသောက်ပြီးတော့ ပိုကာဆွဲကြပြန်တယ်။ တချပ် တပဲကြေး။ ကိုကို တကျပ် နိုင်တယ်။ အမျှသာယူပေတော့။


၁၁-နာရီထိုးတော့ ပြန်လာကြတယ်။


သည်နေ.အဖို.တော့ သည်မှာတခန်းရပ်ကြအုံးစို.။ ကိုကိုလဲ အိပ်ငိုက်လှပြီ။ နာရီပြန် တချက် ထိုးတော့မယ်။


ကိုကို


မောင်မွှေး


ဖေဖေ့အကြောင်း မောင် ခဏခဏ မေးတယ် ကြားလို. ဖေဖေ အင်မတန် ဝမ်းသာတယ်။ ဖေဖေလည်း မောင့်ကို အင်မတန် အောက်မေ့တာပဲ။ ဖေဖေ ပြန်လာဖို.နီးပြီ။ မောင့်မွေးနေ.ကျတော့ - ကောင်ကလေးတွေနဲ. ပျော်ပျော်ကြီး ကစားရအောင် အရုပ်တွေ ဝယ်ပေးမယ်။ ဖေဖေ ပြန်လာတော့ စီမံပေးမယ်။ သိလား။ မေမေ့ စကားကို နားထောင်၊ စိတ်မကောက်နဲ.။

ဖေဖေ

Comments

kay said…
မ ဆီမှာ.. ဒင်နာ ဆိုလို့ လာကြည့်ရင်း..ဒီ စာအဟောင်းလေးကို ဖတ်မိသွားတယ်။

ဘာကို လွမ်းမှန်းမမသိ.. လူတွေ..အအချိန်တွေ..သမိုင်းတွေ..