Skip to main content

ပါးစပ်နဲ့ အလုပ်မလုပ်နဲ့

ကျမ အင်တာနက်ထဲကနေ employer handbook တွေကို ရှာဖွေ ဖတ်ရှုနေတဲ့ အချိန်မှာပဲ ဆရာကြီးလူထုစိန်ဝင်းရဲ. ဒီဆောင်းပါးကို ဖတ်မိလိုက်ပါတယ်။ သတိထားသင့်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို ထောက်ပြထားတာတွေ့လိုက်ရပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်ပါပဲ။ အရိယာမဖြစ်သေးတဲ့သူမှန်သမျှ အားနည်းချက် အမှားဆိုတာ မကင်းနိုင်ပါဘူး။ ကျမတို့လူမျိုးမှာလည်း အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိနေမှာပါပဲ။ တကယ်တမ်းအပြုသဘောဖြစ်ချင်တယ်ဆိုရင်တော့ အရှိအတိုင်းလက်ခံ၊ ပြုပြင်နိုင်တဲ့ စိတ်ဓာတ်မျိုး မွေးမြူနိုင်ရပါမယ်။ ဆရာတို့လို လူငယ်တွေအပေါ် အပြုသဘောနဲ့ ထောက်ပြပေးနိုင်တဲ့၊ လူငယ်တွေရဲ. အားကို သဘောပေါက်လက်ခံတဲ့ လူကြီးမျိုးတွေလည်း ကျမတို့ မြန်မာလူမျိုးထဲမှာ အများကြီး ရှိနေစေချင်ပါတယ်။ တစ်စက်ချင်းပါပဲ။ တနေ့နေ့တော့ ပြည့်လာပါလိမ့်မယ်။ ဒီလိုနဲ့ အားကောင်းလာတဲ့ တစ်နေ့မှာတော့……………..။

 

ပါးစပ်နဲ့ အလုပ်မလုပ်နဲ့

လူထူစိန်ဝင်း

 

ရှေးနှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ်ကာလက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို လူကြီးများက ဦးဆောင်ဦးရွက် ပြုခဲ့ကြတယ်။ ဆန်စက်ပိုင်၊ သစ်စက်ပိုင်၊ အထည်စက်ပိုင်၊ မီးခြစ်စက်ပိုင်၊ ထီးစက်ပိုင် စတဲ့ လုပ်ငန်းရှင်ကြီးများဟာ အများအားဖြင့် လေးဆယ်ကျော်၊ ငါးဆယ်အရွယ်များ ဖြစ်ကြတယ်။

 

ဝန်ထမ်းအလုပ်မက်မောကြ

တိုင်းပြည်လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံ့စီးပွားရေးကို မြန်မာလူမျိုးများကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်လာကြပြီး ခေတ်နဲ့အညီ ကုမ္ပဏီလုပ်ငန်းအမျိုးမျိုး ထူထောင်ကြတဲ့အခါမှာလည်း အထက်ကဆိုခဲ့တဲ့ စက်ပိုင်ကြီးတွေပင် ရှေ့ဆောင်ရှေ့ရွက်ပြု လုပ်ကိုင်ခဲ့ကြပါတယ်။ စစ်မဖြစ်မီခေတ်နဲ့ စစ်ပြီးကာလများမှာ လူငယ်ပညာတတ်များရဲ့ အဓိကရည်မှန်းချက်က အစိုးရ၀န်ထမ်း အရာရှိလုပ်ဖို့သာ ဖြစ်ကြတယ်။ ၇ တန်း၊ ၈ တန်းလောက်သာ အောင်တဲ့ သူများကလည်း မြေတိုင်းစာရေးလောက် တောခေါင်းလောက်တော့ မျှော်မှန်းကြတယ်။ စီးပွားရေးလုပ်ဖို့ စိတ်မ၀င်စားကြဘူး။ အရောင်းအ၀ယ်လုပ်ငန်းကို အောက်တန်းကျတယ်လို. ယူဆကြတယ်။ အဲဒါကြောင့် ရှေးခေတ် စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးမှာ တရုတ်ကုလားတွေသာ အများဆုံးလုပ်ကိုင်ကြတယ်။ သူတို့တတွေကတော့ သူတို့နိုင်ငံရဲ့ အငတ်ဘေးဆိုးကြီးတွေက ထွက်ပြေးရောက်ရှိလာကြပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေထိုင်ကြရတာ ဖြစ်လေတော့ ဘယ်အလုပ်မျိုးကိုမှ အောက်ကျတယ်လို့ သဘောမထားကြဘူးလေ။

 

ဆန့်ကျင်ဘက်ပြောင်းလဲ

အခုမျက်မှောက်ခေတ်မှာတော့ အခြေအနေဟာ ဆန့်ကျင်ဘက်ကို ပြောင်းလဲသွားတာ တွေ့ရတယ်။ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးမှာ ခေတ်ပညာတတ်လူငယ်တွေ အလုံးအရင်းနဲ့ ၀င်ရောက်လုပ်ကိုင်လာကြတယ်။ ၀န်ထမ်းလုပ်ဖို့ သိပ်စိတ်မပါကြတော့ဘူး။ စီးပွားရေးလုပ်ငန်းအသေးစား၊ အလတ်စား၊ အကြီးစား အတော်များများကို ဦးဆောင်ဦးရွက်ပြုနေကြသူ (အခုခေတ် အာတွေ့နေတဲ့ အပြောအရ စီအီးအို) များဟာ လူငယ်နဲ့ လူလတ်ပိုင်းများသာ ဖြစ်ကြတယ်။ အသက်အားဖြင့် သုံးဆယ်နဲ့ လေးဆယ်ကြား အရွယ်များ ဖြစ်ကြတယ်။ အလွန်ဆုံး ကြီးလှမှ လေးဆယ့်ငါး၊ ခြောက်လောက်ပဲ။ ငါးဆယ်ကျော်၊ ခြောက်ဆယ်တန်းတွေ တော်တော်နည်းတယ်။ ဒါ တော်တော်အားရစရာကောင်းတဲ့ အခြေအနေဖြစ်တယ်။

 

စောင့်ရတာ မကြိုက်ဘူး

အသက်ငယ်တော့ ခေတ်မီတယ်။ တက်ကြွသွက်လက်တယ်။ ဘာလုပ်လုပ် တုံ့ဆိုင်းဖင့်နှေး မရှိဘူး။ အဆုံးအဖြတ်မှန်ပြီး တိကျပြတ်သားတယ်။ လူငယ့်သဘာဝက စောင့်ဆိုင်းနေရတာကို မကြိုက်ဘူး။  လူကြီးတွေရဲ့ လက်သုံးစကား ။ မြွေမသေ၊ ဒုတ်မကျိုး ဆိုတာမျိုးကို သဘောမကျဘူး။ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်တတ်တယ်။ အဲဒီတော့ လုပ်ငန်းတိုးတက်မှုနူန်း မြန်တယ်။ တစ်ရှိန်ထိုး ထောင်တက်သွားတတ်တယ်။ ဒါက ကောင်းတဲ့အပိုင်း။

 

ဝုန်းကနဲတက်၊ ၀ုန်းကနဲကျ

မကောင်းတဲ့အပိုင်းလည်း ရှိပါတယ်။ အရှိန်အဟုန်နဲ့ ထိုးတက်သွားတဲ့ လုပ်ငန်းဟာ တက်လာတဲ့ အရှိန်အဟုန်ထက်ပင် ပိုပြီးမြန်ဆန်တဲ့ အရှိန်နဲ့ ၀ုန်းကနဲ ပြိုလဲကျဆင်းသွားတတ်ခြင်း ဖြစ်တယ်။ ဒီလိုအကျမျိုးဟာ တော်တော်အထိနာပါတယ်။ အဖတ်ဆယ်မရတော့လောက်အောင်ကို ဖြစ်တတ်ကြတယ်။ ဒီအဖြစ်မျိုးတွေ တော်တော်များများ တွေ့မြင်လာရတဲ့အခါကျတော့ ဖြစ်စဉ်ကို လေ့လာဆန်းစစ်ကြည့်မိပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့ရသူတွေထဲမှာ ရင်းနှီးကျွမ်းဝင်နေတဲ့ ကျောင်းသား တပည့်တပန်းတွေလည်း ပါနေတတ်တာကိုး။

 

အပျော်တမ်းဈေးရောင်းသလို

အဲဒီလို လေ့လာကြည့်တော့ ဦးဆောင်ဦးရွက်ပြုကြတဲ့ လူငယ်တွေ အရည်အချင်း ညံ့ဖျင်းတာကြောင့်လည်း မဟုတ်ဘူး။ ကြိုးစားအားထုတ်မှု နည်းပါးလျော့ကျသွားတာကြောင့်လည်း မဟုတ်ဘူး။ ဈေးကွက်ပျက်သွားတာကြောင့်လည်း မဟုတ်ဘူး ဆိုတာ တွေ့ရပါတယ်။ လုပ်ငန်းကျဆုံးသူ အများစုမှာ တူညီတဲ့ ချို့ယွင်းချက်ကြီးကြောင့် ကျဆုံးသွားရတာလို့ ယူဆမိပါတယ်။ အဲဒီအချက်ကတော့ အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်ကြခြင်းပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်တာကို  စီးပွားရေးပုံစံနဲ့ မလုပ်ဘဲ ကျောင်းသူကျောင်းသားတွေ ရံပုံငွေအတွက် ဈေးရောင်းပွဲလုပ်ကြသလို အပျော်တမ်းဆန်ဆန် လုပ်နေကြပါတယ်။ ရောင်းရေး ၀ယ်ရေး ကိစ္စ၊ ငွေပေးငွေယူကိစ္စများမှာ စာချုပ်စာတမ်းနဲ့ ပြေစာဖြတ်ပိုင်းနဲ့ လုပ်ဆောင်တာ အင်မတန်နည်းပါတယ်။ နားလည်မှုနဲ့ နှုတ်ကတိနဲ့ ပြီးကြတာ များပါတယ်။ အလုပ်သမား ၀န်ထမ်းခန့်ထားရာမှာလည်း နှုတ်နဲ့ပဲ ခန့်လိုက်ကြတာပါပဲ။ အလုပ်ခွင်စည်းကမ်း၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီး စာချုပ်စာတမ်းနဲ့ ခန့်ထားမှုမျိုး မရှိသလောက်ဖြစ်တယ်။

 

စာမျက်နှာ ၂၀ ကျော်ပါ စာချုပ်

နိုင်ငံခြားသားတွေ လုပ်ပုံလုပ်နည်းတစ်ခုလောက် နမူနာ ပြောပြချင်ပါတယ်။ ကျောင်းသားတပည့်တစ်ဦး နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုမှာ အလုပ်ဝင်လုပ်တော့ မခန့်မီမှာ သဘောတူညီချက် ကန်ထရိုက်စာချုပ်တစ်ခု ပေးပါတယ်။ သေသေချာချာဖတ်ပြီး သဘောတူမှ လက်မှတ်ထိုးပါလို့ ပြောလိုက်ပါတယ်။ စာချုပ်လက်မှတ်မထိုးမီမှာ တပည့်က လာပြပြီး တိုင်ပင်လို့  သေသေချာချာ ဖတ်ကြည့်လိုက်ပါတယ်။ စာချုပ်က စာမျက်နှာ ၂၀ ကျော်ပါပါတယ်။ အလုပ်ရဲ့ သဘောသဘာဝတွေကို အကျယ်တ၀င့် ရှင်းလင်းရေးသားထားပြီး ၀န်ထမ်းရဲ့ တာဝန်တွေကိုလည်း အသေးစိတ် ရေးထားပါတယ်။ နောက်ပြီးတော့ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေကိုလည်း တိတိကျကျ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်နဲ့ အရေးယူမှုဆိုင်ရာ စည်းကမ်းချက်တွေလည်း ဖော်ပြထားပါသေးတယ်။ ဘက်စုံလိုလေသေး မရှိတော့ပါဘူး။

 

သူ့ကြောင့်၊ ငါ့ကြောင့်

အဲဒီလို တိတိကျကျ လုပ်တော့ အငြင်းပွားစရာ ပြဿနာ မပေါ်တော့ဘူးပေါ့။ ကျွန်တော်တို့ မြန်မာတွေကတော့ ဘယ်လောက်အရေးကြီးတဲ့ ကိစ္စမျိုးဖြစ်ဖြစ် နားလည်မှု နဲ့ပဲ လုပ်တတ်ကြတယ်။ ဓ အချင်းချင်းတွေပဲ ပြောစရာမလိုပါဘူး ဆိုတဲ့ စကားတစ်ခွန်းကို ရေလဲနဲ့ သုံးလေ့ရှိတယ်။ စာချုပ်စာတမ်းနဲ့ လုပ်ရကောင်းမှန်းကို မသိကြဘူး။ အဲဒီလို လုပ်ကြတာ အစပိုင်းမှာတော့ တက်ကြွတုန်းမို့ ကောင်းပါရဲ့။ ဒါပေမယ့် နောက်ပိုင်း အချိန်ကြာသွားတာနဲ့အမျှ အဆင်မပြေတာလေးတွေ ကြုံလာရတဲ့ အခါမျိုးကျတော့ သူ့ကြောင့်၊ ငါ့ကြောင့် ဆိုတဲ့ လက်ညှိုးထိုးမှုတွေ ပေါ်လာကြပါတော့တယ်။ သူ့တာဝန်၊ ငါ့တာဝန် ရယ်လို့ စကတည်းက တိတိကျကျ သတ်မှတ်ထားတာ မရှိဘဲ နားလည်မှုနဲ့ လုပ်ခဲ့ကြတာကိုး။ ဒီလိုနဲ့ပဲ နောက်ဆုံးကျတော့ အမှိုက်က စ၊ ပြဿဒ်မီးလောင်အဖြစ်မျိုးရောက်ပြီး အဖတ်ဆယ်မရတဲ့ အခြေအနေမျိုးထိ ရောက်ရှိသွားကြတော့တာပါပဲ။ အဲဒါကြောင့် ဘာအလုပ်ပဲ လုပ်လုပ်၊ ပါးစပ်နဲ့ပဲ အလုပ်မလုပ်ကြပါနဲ့။ အလုပ်ကို အလုပ်နဲ့ တူအောင်၊ စာရွက်စာတမ်းနဲ့ တိတိကျကျ လုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

 

(2-7-2008 ထုတ် Weekly Eleven မှ ကူးယူဖော်ပြပါသည်။)

Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...