Skip to main content

အာဇာနည်နေ. အမှတ်တရများ

ဒီနေ.တော့ ကျမ ဘလောက်ဂ်တွေဆီ ပြန်ရောက်လာပြန်ပါပြီ။ ဆယ်ရက်လောက်ကိုပဲ ကျမ အောင့်အည်း သည်းခံခဲ့ရတာ တော်တော်ကြာနေသလိုပါပဲ။ ဒီလို အာဇာနည်နေ.အမှီ ကျမ ပြန်လာနိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်လေစရောက်ရောက်ချင်း အီးမေးလ်မှာ ၀င်လာတဲ့ မိုးမခ စာမျက်နှာက အာဇာနည်နေ. အမှတ်တရလေး တင်ထားလိုက်ပါတယ်။  ကျေးဇူးပါ။ 

၂၀ ဇူလိုင် ၁၉၄၇ ဒိုင်ယာယီ

မင်းသုဝဏ်
ဇူလိုင် ၁၇၊ ၂၀၀၈

မနေ့နံနက်က ဗိုလ်ချုပ်တို့ အနိစ္စရောက်ရှာပြီ။ တနင်္လာနေ့ (၁၄-၇-၁၉၄၇)ကပင် သူတို့ကို တွေ့ခဲ့ရသေးသည်။

တနင်္လာနေ့ညနေပိုင်း စာသင်တန်းမရှိ၍ ကျွန်ုပ် အိပ်ရာပေါ်တွင် စာဖတ်ရင်း တမှေးအိပ်ပျော်သွားသည်။ ထိုအခိုက် ဆရာခင်ဇော်လာ၍ ခေါက်ဆွဲမောင်မောင်ထံတွင် ဂျပန်လက်ထက်က ပျောက်သွားသော စာရွက်စာတမ်းများရှိသည်ကြား၍ သွားမေးကြရအောင်ဟု ပြောသဖြင့် လိုက်သွားသည်။ ထင်ဖတ်အိမ်တွင် ငါးလက်ခွာငါးခြောက် နှင့် လက်ဖက်ရည်ကြမ်း မော့ပြီး ဆရာခင်ဇော်၊ မောင်ထင်၊ ကျွန်ုပ်ပါ သုံးဦးသား အတွင်းဝန်များရုံးသို့ သွားကြသည်။ ကားကိုဆိုက်ပြီး လွှတ်တော်ရှေ့ကို ဖြတ်သွားသောအခါ ၀ရံတာတွင် ဆရာဦးဘချို နှင့် ဗိုလ်ချုပ်တို့ စကားပြောနေကြသည်ကိုမြင်၍ ကျွန်ုပ်တို့သုံးဦးသား ကပ်သွားကာ စကားဝိုင်းဖွဲ့ကြသည်။

ဗိုလ်ချုပ်သည် ဘန်ကောက်လုံချည် နံ့သာရောင်နှင့် ပိုးအင်္ကျီ ၀တ်ထားသည်။ တပတ်သားခန့်ရှိသော မုတ်ဆိတ်နှင့် နှုတ်ခမ်းမွေး လေးငါးဆယ်ပင်ရှိသည်။ ညှပ်ဖိနပ် စီးထားသည်။ လုံချည်ကို မကာ မကာ စကားပြောသည်။ ကောလိပ်ကျောင်းရောက်ခါစ ကျောင်းသားငယ်နှင့်တူသည်။

တနင်္ဂနွေနေ့က သူ့မိန့်ခွန်းကို အသံလွှင့်သည့်အကြောင်းနှင့်စပ်၍ စကားပြောကြသည်။ သူ လက်တန်းပြောသမျှတွင် ထိုနေ့က ပြောသောစကားကို သူအကြိုက်ဆုံးဖြစ်သည်ဟု သူပြောသည်။

"ကျွန်တော်က လိုရမယ်ရ မှတ်သားထားတဲ့ ဖိုင်တွဲတွေကို ဆွဲလာပြီး ပြောတာကို စီစဉ်ပြီးသားစကားကို ပြောတယ်လို့ ထင်ကြမှာပဲ။ ကျွန်တော် အလုပ်ရှုပ်နေလို့ မစီစဉ် မရေးသားခဲ့နိုင်ဘူး။ ပြောချင်တာကလေးတွေကိုသာ တေးလာရတယ်။ ဒါပေမယ့် မနေ့ကစကားကို ကျွန်တော်လက်တန်းပြောသမျှမှာ အကောင်းဆုံးလို့ ထင်တာပဲ။ ခင်ဗျားတို့ ဘယ်လိုအသံလွှင့်သလဲ" ဟု ကိုထင်တို့ဘက်သို့ လှည့်၍မေးသည်။ "ကြမ်းတဲ့အပိုင်းတွေကို ဖြတ်ပြီး ကောင်းတာတွေကို လွှင့်ပါတယ်"ဟု ပြန်ဖြေသည်။ "အို အဆီအသားတွေကို ချန်ခဲ့တာကိုးဗျ။ ဟိုဟာတွေမှ အဆီတွေပဲ။ ဒီလိုပြောမှ ထိတယ်၊ မိတယ်" ဟု ဆိုကာ သူငယ်စဉ်က တရားဟောခဲ့ပုံတွေကို ပြောပြသည်။

"တခါတော့ ကျွန်တော်ရယ်၊ ဆရာကြီးရယ်၊ သခင်စိုးရယ် မန္တလေးမှာ တရားဟောကြတယ်။ မန္တလေးကိုလည်း ကျွန်တော်တို့ မသိဘဲကိုး။ သည်တော့ ကျွန်တော်တို့က အသံချဲ့စက်ကြီးနဲ့ ဟောတာပေါ့။ ကျွန်တော့ကို နောက်ဆုံး အဟောခိုင်းတယ်။ ကျွန်တော်ကလည်း စိတ်ရှိလက်ရှိ ဟောတာပေါ့။ ပြီးခါနီးလို့ ပရိသတ်ကို ကြည့်လိုက်တော့ ကြိုးတိကြိုးတဲ နည်းနည်းပဲရှိတာကို တွေ့ရတယ်။ နောက်မှ မန္တလေးသား တဦးက မန္တလေးတရားနာပရိသတ်ရဲ့သဘောကို ပြောပြလို့ သိရတယ်။ မန္တလေးမှာ တရားပွဲစရင် အသံချဲ့စက်နဲ့ မပြောရဘူး။ ရိုးရိုးပဲ ပြောရသတဲ့။ သည်တော့မှ ပရိသတ်တွေက တရားဟောတဲ့ လူနားကို စုပြီး ၀ိုင်းလာကြတယ်။ ၀ိုင်းလာတော့မှ အသံချဲ့စက်နဲ့ ဖိပြီးဟောရသတဲ့။ စစခြင်း အသံချဲ့စက်နဲ့ဟောရင် နေရာတကာက ကြားရတော့ အဝေးကို ထွက်သွားကြပြီး အိမ်ကြိုအိမ်ကြား အိမ်ပေါ် အိမ်တွင်းက နားထောင်ကြလို့ တရားပွဲမှာ လူမစည်ဘူး တဲ့။ အဲဒီတုန်းက ဆရာကြီးကတော့ စီကာပတ်ကုံး ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောသွားတော့ ပရိသတ်က သိပ်ပြီး သဘောကျတာပေါ့။ သခင်စိုးနဲ့ ကျွန်တော်ကတော့ လေ့လာထားတဲ့ အချက်တွေကို ရိုးရိုးပြောတော့ ပွဲမကျပါဘူး။ တရားပွဲပြီးတော့ လူတယောက်က ပြောသတဲ့၊ သခင်အောင်ဆန်းတို့ သခင်စိုးတို့ ကောင်းတယ် ကောင်းတယ် ဆိုပြီး ဘာကောင်းတာပါလိမ့်လို့ ပြောသတဲ့။ အဲဒါနဲ့ နောက်တနေ့တော့ မန္တလေးနားက ခပ်ခေါင်ခေါင် အရပ်တစ်ခုကို သွားပြီး ကျွန်တော်တို့ တရားဟောကြပြန်တယ်။ ကျွန်တော့အလှည့်ကျတော့ ပရိသတ်ဟာ ငြိမ်ချက်သားကောင်းလို့ ပျင်းနေကြပြီထင်ပြီး ကျွန်တော်က ပျက်လုံးထုတ်လိုက်တယ်။ ဘဲ့နှယ်လဲ ဆိုတော့ - ကျွန်တော်ဟာ ဒီအရပ်ကို မရောက်တာ အတော်ကြာသွားပါပြီ။ ဘယ်လောက်ကြာသလဲ ဆိုရင် မွေးကတည်းပါပဲလို့ ပြောပြီး ပွဲကျမလားလို့ ပရိသတ်ကို ကြည့်ပါတယ်၊ ဘယ်သူမှ မရယ်ကြဘူး။ ထိုအခါ ဆရာဦးဘချိုက "ဗိုလ်ချုပ်ပျက်လုံးထုတ်တာက ကျင်ခဲပြောသလိုများ ဖြစ်နေမှာလား။ ရွာတရွာမှာ အရပ်သားတွေက အင်မတန်ဆိုးသတဲ့၊ ပွဲကရင် ဆူကြ ပူကြနဲ့ ပွဲပျက်ပျက်သွားသတဲ့။ ဒီတော့ ကိုကျင်ခဲတို့ ရောက်သွားတော့ ကာလသားခေါင်းကို ပြေးကပ်ပြီး ပွဲကို ထိန်းပေးဖို့ ပြောသတဲ့။ ကာလသားခေါင်းကလည်း အရပ်သားတွေကို "မင်းတို့ ပွဲကြည့်တဲ့အခါ တုတ်တုတ်မှ မလှုပ်ကြနဲ့၊ လှုပ်ရင် သိရမယ်" လို့ ကြိမ်းလွတ်လိုက်သတဲ့။ ဒါနဲ့ ညကျတော့ ပွဲမှာ လူပျက်တွေက ပျက်ကြရော တဲ့။ တစ်ခါပျက်လည်း မရယ်ကြဘူး တဲ့၊ နှစ်ခါပျက်လည်း မရယ်ကြဘူး တဲ့။ အဲဒီလိုနဲ့ ပွဲသာပြီးရော ဘယ်သူမှ မရယ်ဘူး တဲ့။ ဒီတော့ ကိုကျင်ခဲက အရပ်ထဲမှာ စုံစမ်းကြည့်သတဲ့။ လက်စသတ်တော့ ကာလသားခေါင်းက တုတ်တုတ်မှ မလှုပ်ရဘူး ဆိုလို့ ရယ်ချင်လျက်နဲ့ မရယ်၊ အောင့်နေကြရတယ်ဆိုကိုး။ "ဗိုလ်ချုပ်ဟောတုန်းကလည်း သည်လိုများ ဖြစ်မှာလား"ဟု ပြောရာ ဗိုလ်ချုပ်လည်း ပြုံးနေလေသည်။ ကျွန်ုပ်ကလည်း ထောက်၍ "ဗိုလ်ချုပ်ဆီက ပျက်လုံးကို မမျှော်လင့်တဲ့အတွက် မရယ်ကြတာ ထင်ပါရဲ့" ဟု ပြောရာ "ဟိုတုန်းက ကျွန်တော် နာမည်မကြီးသေးပါဘူး"ဟု ပြန်ပြောလေသည်။

ထို့နောက် ဆရာက "ဆရာလည်း နိုင်ငံရေးကထွက်ပြီး ပညာရေးတို့ ယဉ်ကျေးမှုတို့ကို လိုက်စား ပြုစုချင်ပါတယ်။ ဆရာတို့ ကိုဝန်တို့ (ဤနေရာတွင် ကျွန်ုပ်အား စီးကရက် ထုတ်ပေးသည်) အာရှအရှေ့တောင်ပိုင်းကို သွားပြီး ယဉ်ကျေးမှု လေ့လာချင်ပါတယ်" ဟု ပြောရာ ဗိုလ်ချုပ်က လက်ကာ၍ "နေပါဦး၊ နေပါဦး"ဟု ပြောသည်။ ယဉ်ကျေးမှုကို မနှစ်သက်၍ လက်ကာသလားဟု ကျွန်ုပ်စိတ်တွင် ထင်မိခိုက်၊ ကျွန်တော်လည်း နိုင်ငံရေးက ထွက်မှာပဲ၊ ထွက်ပြီးတော့ စာရေးမယ် ကြံတယ်။ ကျွန်တော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာပါ ယူခဲ့တယ်။ မြန်မာစာမှာ ကျွန်တော် အမှတ်ကောင်းကောင်းရတယ်။ ကျွန်တော် ကြိုးစားရင် ဒစ်စတင်းရှင်းတောင် ရမှာပဲ။ ဒါပေမယ့် ဟိုတုန်းကတော့ အိုင်စီအက်စ်တို့ ဘာတို့ကို မှန်းတော့ အင်္ဂလိပ်စာကိုပဲ ဖတ်တာပဲ။ ကျွန်တော်လည်း စာပေကို ၀ါသနာ ပါပါတယ်။ အရိုင်းသက်သက် မဟုတ်ပါဘူး" ဟု ဆိုကာ သခင်ဘသောင်း၏ ပန်းသာမစာဥ၊ မောင်ထင်၏ငဘ၊ ရွှေဥဒေါင်း၏ရတနာဒီပ (Treasure Island)စသည်တို့ကို ချီးမွမ်းသည်။ "ကျွန်တော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ Biographyတွေလည်း လိုတာပဲ။ ဘာကြောင့် မရေးကြသလဲ မသိဘူး"ဟု ပြောရာ ဆရာဦးဘချိုက ၀င်၍ "မြန်မာမှာ ခက်တာက ဘုန်းကြီးများ ပျံတော်မူရင် ထေရုပ္ပတ္တိတွေ ရေးရတယ်။ ဒီတော့ Biography ဆိုရင် သေမှရေးရတယ်။ ထိုအခါ ဗိုလ်ချုပ်က "ကျွန်တော့အကြောင်းတွေကို ရေးကြတာဖြင့် တလွဲချည်းပါပဲ။ Emile Ludwig တို့လို ရေးတတ်တဲ့လူများ ရှိရင် သိပ်ကောင်းမယ်" ဟုဆိုကာ Ludwig အကြောင်းတွေကို ဆွေးနွေးကြသေးသည်။

ထိုအခိုက် ဆရာသိန်းဟန် နှင့် အမတ်ဦးဘသီတို့ ရောက်လာကြသည်။ ဦးဘသီက ဆရာဦးဘချိုကို "အကိုကြီးမှာလိုက်တဲ့ လုံချည်ကို ရက်ပေးလိုက်ပြီ။ ကိုဘချို ကြိုက်တဲ့ မတ်တပ်စင်းပဲ"ဟု ပြောရာ ဆရာက ကျွန်ုပ်တို့ဘက်သို့လှည့်ကာ "ဆရာက အသက်ကြီးတော့ ငယ်ငယ်က ကြိုက်တတ်တဲ့ အဆင်ကလေးတွေကို ပြန်ပြီး အောက်မေ့တယ်။ အနက်မတ်တပ်စင်းမှာ ဘေးကအဖြူစင်းကလေးတွေ ညှပ်ပြီး ရက်တာကို ဆရာက အင်မတင်ကြိုက်တယ်"ဟု ပြန်ပြောလေသည်။

ထို့နောက် ဗိုလ်ချုပ်က "ဒီနေ့ ထမင်းစားပြန်တော့ ဂျာနယ်ကျော်မှာပါတဲ့ မန်းတင်ရဲ့ဆောင်းပါးကို ဖတ်မိလို့ သဘောကျနေတယ်။ ဖဆပလ ညီလာခံကို ရောက်လာတဲ့ တောကအမတ်တဦး တောကို ပြန်သွားတော့ မြို့အုပ်မောင်ပြုံးချိုက မေးသတဲ့။ ဒီတော့ အမတ်က ကြီးကျယ်ခမ်းနားပုံတွေကို လျှောက်ပြောသတဲ့။ နောက်ပြီး ဥက္ကဋ္ဌကလည်း မိန့်ခွန်းပြောတယ်သာ ဆိုတယ် စာကိုဖတ်ပြတာပဲလို့ ပြောသတဲ့။ (ဥက္ကဋ္ဌမှာ သခင်မြ)။ အဲဒါနဲ့ မောင်ပြုံးချိုက ဘာတွေများ ဆုံးဖြတ်လိုက်သလဲလို့ မေးတော့ ဒါတွေ ကျုပ်မသိဘူး။ ဟောဒီက စာရွက်စာတမ်းတွေကိုသာ ဖတ်ကြည့်ပေတော့လို့ ပြန်ပြောသတဲ့" ဟု ဆိုကာ ရယ်လေသည်။ ထိုအခိုက် ဆရာဦးဘချိုက ဦးခင်ဇော်ဘက်သို့ လှည့်ကာ "ဗိုလ်ချုပ်အိမ်က ရေဒီယိုက မကောင်းဘူး တဲ့။ ကောင်းကောင်း မကြားရဘူး တဲ့။ ရေဒီယိုတလုံးလောက် ပေးမှပဲ"လို့ ပြောလေသည်။ ထိုစကားပြောနေခိုက် မိုးသည်းလာသည်။ ခဏကြာလာသောအခါ ပျော်ဘွယ်ဦးမြ ကားနှင့်ရောက်လာ၍ ဗိုလ်ချုပ်အားသို့ ကပ်ကာ ပြောစရာရှိတယ်ဟု ပြောသဖြင့် လိုက်သွားလေသည်။ နောက် အခန်းမှ ပြန်ထွက်လာကာ သခင်နုရှိသလားဟု မေးသည်။ ထိုအခါက သခင်နုမှာ ဘိလပ်က ပြန်ရောက်ကာစ နေမကောင်းသဖြင့် ရုံးမတက်နိုင်။ ထို့ကြောင့် ဗိုလ်ချုပ်လည်း ကားစီးကာ ထွက်သွားလေသည်။

(မှတ်ချက်-၂၀၀၇ ဇူလိုင်လထုတ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှ ကောက်နှုတ်ဖော်ပြပါသည်။ ၂၀ ဇူလိုင် ၁၉၄၇ ရက်နေ့က ရေးခဲ့သော ဆရာမင်းသုဝဏ်၏ဒိုင်ယာရီမှ ပြန်လည် ကောက်နှုတ်ထားခြင်း ဖြစ်သည်ဟု ပိတောက်ပွင့်သစ်က ဆိုသည်။)


(မိုးမခ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...