Skip to main content

အောင်ဘာလေနှင့် ကျမ

မနေ့နေ့လည်က ရုံးက အော်ပရေတာကောင်မလေးက ကျမကို ဖုန်းလွှဲပေးလာပါတယ်။ ဘယ်သူလဲ လို့မေးတော့ မြို့ထဲက ကျမ မသိတဲ့ နံမယ်တစ်ခု...။ ဒါနဲ့ ကျမလည်း ဟိုတလောက နာဂစ်ကာတွန်းပြပွဲက ၀ယ်ထားခဲ့ပြီး သွားမယူရသေးတဲ့ ကာတွန်းကားနဲ့များ သက်ဆိုင်နေမလားဆိုပြီး ကိုင်လိုက်ပါတယ်။

“ဒေါ် xxx.. ပါလားခင်ဗျာ...”
“ဟုတ်ကဲ့ ... ပြောနေပါတယ်ရှင်..အမိန့်ရှိပါ..”
“ကျနော်...(.
နံမယ်ကြီးထီဆိုင်တစ်ခု) ကပါ။ အဲဒါ ဒေါ် xxx .... ကံစမ်းမဲ ပေါက်လို့ အကြောင်းကြားတာပါ...”

သဘောပေါက်လိုက်ပါတယ်...။ ဒါမျိုး နှစ်ခါ သုံးခါလောက်ထိထားပြီးပြီဆိုတော့... အရင်အခါတွေတုန်းကလို ကျမ အားနာပါးနာ နားမထောင်ပေးတော့ပါဘူး။ ကျမ ရယ်ချင်သံနဲ့ ပြန်ပြောလိုက်မိပါတယ်။

“မှားနေပြီ ထင်တယ်ရှင့်။ ကျမ ထီမထိုးထားပါဘူး။” .... ဆိုတော့ သူခဏငြိမ်ပြီး
“အဲဒီလိုဆို ကျနော် ပြန်စစ်ကြည့်လိုက်ပါဦးမယ်” ဆိုပြီး ဖုန်းချသွားပါတယ်။

အမျိုးသားကတော့ အဲသလို ကျမ တုံးတိတိ စကားဖြတ်လိုက်တာကို သိပ်သဘောမတွေ့ဘူးနဲ့တူတယ်။ ဘယ်လောက်ဖိုး ကံစမ်းမဲ ပေါက်သလဲဆိုတာတော့ မေးလိုက်ဖို့ ကောင်းတာပေါ့လို့ ပြောနေပါသေးတယ်။ ဘယ်လိုလုပ်မလဲ... ကျမ အဲဒီလောက်တော့ လောဘမကြီးတတ်သေးပါဘူး။ မထိုးတဲ့ထီကို ပေါက်ဖို့ မျှော်လင့်ရတဲ့ အထိလေ...။

တကယ်တော့....ကျမ ထီတစ်ခါ ထိုးခဲ့ဖူးပါတယ်။ မေလတုန်းကပေါ့။ ထီထိုးတာတွေကို ကန့်ကွက်တတ်တဲ့ ကျမ ... အနားထီလာရောင်းတဲ့ သူဆီမှာ ထီထိုးလိုက်တော့ ကျမ သားကြီးက တအံ့တသြကြည့်လို့...။

“ မေမေ ဘာဖြစ်လို့ ထူးထူးဆန်းဆန်း ထီထိုးရတာလဲ”

“ အေးဟယ်... ထီလေးများပေါက်ရင် နာဂစ်ဒဏ်ခံလိုက်ရတဲ့ ဒုက္ခသည်တွေကို ပိုလှူလို့ ရတာပေါ့”...

သူလည်း မျက်လုံးပုတ်ခတ် ပုတ်ခတ်နဲ့ စဉ်းစားနေလေရဲ.။

“မေမေက အကုန်လုံးလှူမှာလား”..

“အင်း.... မေမေတို့ တတ်နိုင်သလောက်တော့ လှူခဲ့တာပဲ၊ ဒီထက်လည်း မတတ်နိုင်တော့ဘူးလေ။ ဒါပေမယ့် သားရယ်... သူတို့တွေက အများကြီးရယ်... ထီပေါက်ဖို့ကို ထိုင်မျှော်လင့်နေတာမျိုး မေမေ အားမပေးတတ်ခဲ့ပေမယ့် သူတို့အတွက် မေမေ ထီထိုးပေးကြည့်တာပါ။ သူတို့ ကံ ပါလာလို့ ပေါက်ရင် အားလုံးက သူတို့အတွက်ပဲပေါ့။”

....လို့ ရှည်ရှည်ဝေးဝေး ရှင်းပြမိလိုက်သေး။ သားကြီးကတော့ သူ့အမေကို စောင့်ကြည့်ချင်နေတဲ့ပုံ။ ငါ့အမေ ထီတကယ်ပေါက်ရင်ရော... တကယ်လှူပါ့မလားပေါ့လေ..။ ငါမုန့်ဖိုးရတဲ့ ပိုက်ဆံလေးတွေ အပ်ထားတောင် ပြန်မပေးသေးပဲနဲ့ ... ဘာညာတွေးနေမှာပေါ့ (ဟုတ်လား)။

ထီဖွင့်တော့ တိုက်ကြည့်လိုက်သေးတယ်။ ဒါပေမယ့်.... သူတို့တွေနဲ့ ကျမ ကံ မအပ်စပ်ခဲ့ဘူးနဲ့ တူပါရဲ.။ ထီကပေါက်မလာဘူးလေ..။ အဲဒီလိုပဲ အမေ့ကို အပြောနဲ့ အလုပ် ညီပါ့မလားလို့ မျက်စေ့ဒေါင့်ထောက် လိုက်ကြည့်နေခဲ့တဲ့ သားကြီးလည်း ..... အဲဒီမှာတင် တစခန်းရပ်သွားရပါတော့တယ်။ ။

Comments

Sonata Cantata said…
tg သူတို့တွေက အဲ့ဒါ ဘာလုပ်တာလဲ (ကံစမ်းမဲပေါက်တယ်ဆိုတာ) ဥာဏ်မမှီလို့ နည်းနည်းထပ်ရှင်းပြပါဦး ဟူးးးးးး
tg.nwai said…
ဒီလို TDရဲ.။ သူတို.ကဖုန်းဆက်ပြီး ကံစမ်းမဲ ပေါက်တယ်ပြောမယ်။ နာရီလေးဘာလေးပေါ့။ ပြီး သူတို.ဗေဒင်ဆရာအလိုအရ.. ကိုယ်တို.နဲ.သူတို.ဆိုင်နဲ.က ကံစပ်တယ်..ကံ သိပ်ကောင်းတယ်ပြောပြီး ထီစပ်ထိုးခိုင်းမယ်။ အဲဒါသိန်းနဲ့ချီပြီး ထိုးခိုင်းတတ်တယ်။ ပေါက်မှာက အကြီးဆုံးဆုပဲ ပေါက်တော့မလိုလို၊ ပေါက်မဲ့နံပါတ်ကိုပဲ သူတို့သိထားသလိုလို ပြောမယ်လေ။ တို့လဲတခါဒီလောက်သေချာနေရင် ကိုယ့်ဖာသာကိုယ်ပဲ ထိုးလိုက်ပါလားလို့ ပြောခဲ့ဖူးတယ်။ ထီထိုးမယ်ဆိုမှ
ပေါက်မဲ့ကံစမ်းမဲ လာပေးရင်း ထီဖိုးရှင်းပေါ့။ အဲသလို..အဲသလို TDရေ...။ လိမ်နည်းတမျိုးပေါ့။
Sonata Cantata said…
သြော်.. ကြောက်စရာ လောဘ၊ စိတ်ပျက်စရာ ဒေါသ။ tg ရယ် တို့များမှာ မောဟရန်သူတွေ ၀ိုင်းလို့ပါလားကွယ်။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။