Skip to main content

အောင်ဘာလေနှင့် ကျမ

မနေ့နေ့လည်က ရုံးက အော်ပရေတာကောင်မလေးက ကျမကို ဖုန်းလွှဲပေးလာပါတယ်။ ဘယ်သူလဲ လို့မေးတော့ မြို့ထဲက ကျမ မသိတဲ့ နံမယ်တစ်ခု...။ ဒါနဲ့ ကျမလည်း ဟိုတလောက နာဂစ်ကာတွန်းပြပွဲက ၀ယ်ထားခဲ့ပြီး သွားမယူရသေးတဲ့ ကာတွန်းကားနဲ့များ သက်ဆိုင်နေမလားဆိုပြီး ကိုင်လိုက်ပါတယ်။

“ဒေါ် xxx.. ပါလားခင်ဗျာ...”
“ဟုတ်ကဲ့ ... ပြောနေပါတယ်ရှင်..အမိန့်ရှိပါ..”
“ကျနော်...(.
နံမယ်ကြီးထီဆိုင်တစ်ခု) ကပါ။ အဲဒါ ဒေါ် xxx .... ကံစမ်းမဲ ပေါက်လို့ အကြောင်းကြားတာပါ...”

သဘောပေါက်လိုက်ပါတယ်...။ ဒါမျိုး နှစ်ခါ သုံးခါလောက်ထိထားပြီးပြီဆိုတော့... အရင်အခါတွေတုန်းကလို ကျမ အားနာပါးနာ နားမထောင်ပေးတော့ပါဘူး။ ကျမ ရယ်ချင်သံနဲ့ ပြန်ပြောလိုက်မိပါတယ်။

“မှားနေပြီ ထင်တယ်ရှင့်။ ကျမ ထီမထိုးထားပါဘူး။” .... ဆိုတော့ သူခဏငြိမ်ပြီး
“အဲဒီလိုဆို ကျနော် ပြန်စစ်ကြည့်လိုက်ပါဦးမယ်” ဆိုပြီး ဖုန်းချသွားပါတယ်။

အမျိုးသားကတော့ အဲသလို ကျမ တုံးတိတိ စကားဖြတ်လိုက်တာကို သိပ်သဘောမတွေ့ဘူးနဲ့တူတယ်။ ဘယ်လောက်ဖိုး ကံစမ်းမဲ ပေါက်သလဲဆိုတာတော့ မေးလိုက်ဖို့ ကောင်းတာပေါ့လို့ ပြောနေပါသေးတယ်။ ဘယ်လိုလုပ်မလဲ... ကျမ အဲဒီလောက်တော့ လောဘမကြီးတတ်သေးပါဘူး။ မထိုးတဲ့ထီကို ပေါက်ဖို့ မျှော်လင့်ရတဲ့ အထိလေ...။

တကယ်တော့....ကျမ ထီတစ်ခါ ထိုးခဲ့ဖူးပါတယ်။ မေလတုန်းကပေါ့။ ထီထိုးတာတွေကို ကန့်ကွက်တတ်တဲ့ ကျမ ... အနားထီလာရောင်းတဲ့ သူဆီမှာ ထီထိုးလိုက်တော့ ကျမ သားကြီးက တအံ့တသြကြည့်လို့...။

“ မေမေ ဘာဖြစ်လို့ ထူးထူးဆန်းဆန်း ထီထိုးရတာလဲ”

“ အေးဟယ်... ထီလေးများပေါက်ရင် နာဂစ်ဒဏ်ခံလိုက်ရတဲ့ ဒုက္ခသည်တွေကို ပိုလှူလို့ ရတာပေါ့”...

သူလည်း မျက်လုံးပုတ်ခတ် ပုတ်ခတ်နဲ့ စဉ်းစားနေလေရဲ.။

“မေမေက အကုန်လုံးလှူမှာလား”..

“အင်း.... မေမေတို့ တတ်နိုင်သလောက်တော့ လှူခဲ့တာပဲ၊ ဒီထက်လည်း မတတ်နိုင်တော့ဘူးလေ။ ဒါပေမယ့် သားရယ်... သူတို့တွေက အများကြီးရယ်... ထီပေါက်ဖို့ကို ထိုင်မျှော်လင့်နေတာမျိုး မေမေ အားမပေးတတ်ခဲ့ပေမယ့် သူတို့အတွက် မေမေ ထီထိုးပေးကြည့်တာပါ။ သူတို့ ကံ ပါလာလို့ ပေါက်ရင် အားလုံးက သူတို့အတွက်ပဲပေါ့။”

....လို့ ရှည်ရှည်ဝေးဝေး ရှင်းပြမိလိုက်သေး။ သားကြီးကတော့ သူ့အမေကို စောင့်ကြည့်ချင်နေတဲ့ပုံ။ ငါ့အမေ ထီတကယ်ပေါက်ရင်ရော... တကယ်လှူပါ့မလားပေါ့လေ..။ ငါမုန့်ဖိုးရတဲ့ ပိုက်ဆံလေးတွေ အပ်ထားတောင် ပြန်မပေးသေးပဲနဲ့ ... ဘာညာတွေးနေမှာပေါ့ (ဟုတ်လား)။

ထီဖွင့်တော့ တိုက်ကြည့်လိုက်သေးတယ်။ ဒါပေမယ့်.... သူတို့တွေနဲ့ ကျမ ကံ မအပ်စပ်ခဲ့ဘူးနဲ့ တူပါရဲ.။ ထီကပေါက်မလာဘူးလေ..။ အဲဒီလိုပဲ အမေ့ကို အပြောနဲ့ အလုပ် ညီပါ့မလားလို့ မျက်စေ့ဒေါင့်ထောက် လိုက်ကြည့်နေခဲ့တဲ့ သားကြီးလည်း ..... အဲဒီမှာတင် တစခန်းရပ်သွားရပါတော့တယ်။ ။

Comments

Sonata Cantata said…
tg သူတို့တွေက အဲ့ဒါ ဘာလုပ်တာလဲ (ကံစမ်းမဲပေါက်တယ်ဆိုတာ) ဥာဏ်မမှီလို့ နည်းနည်းထပ်ရှင်းပြပါဦး ဟူးးးးးး
tg.nwai said…
ဒီလို TDရဲ.။ သူတို.ကဖုန်းဆက်ပြီး ကံစမ်းမဲ ပေါက်တယ်ပြောမယ်။ နာရီလေးဘာလေးပေါ့။ ပြီး သူတို.ဗေဒင်ဆရာအလိုအရ.. ကိုယ်တို.နဲ.သူတို.ဆိုင်နဲ.က ကံစပ်တယ်..ကံ သိပ်ကောင်းတယ်ပြောပြီး ထီစပ်ထိုးခိုင်းမယ်။ အဲဒါသိန်းနဲ့ချီပြီး ထိုးခိုင်းတတ်တယ်။ ပေါက်မှာက အကြီးဆုံးဆုပဲ ပေါက်တော့မလိုလို၊ ပေါက်မဲ့နံပါတ်ကိုပဲ သူတို့သိထားသလိုလို ပြောမယ်လေ။ တို့လဲတခါဒီလောက်သေချာနေရင် ကိုယ့်ဖာသာကိုယ်ပဲ ထိုးလိုက်ပါလားလို့ ပြောခဲ့ဖူးတယ်။ ထီထိုးမယ်ဆိုမှ
ပေါက်မဲ့ကံစမ်းမဲ လာပေးရင်း ထီဖိုးရှင်းပေါ့။ အဲသလို..အဲသလို TDရေ...။ လိမ်နည်းတမျိုးပေါ့။
Sonata Cantata said…
သြော်.. ကြောက်စရာ လောဘ၊ စိတ်ပျက်စရာ ဒေါသ။ tg ရယ် တို့များမှာ မောဟရန်သူတွေ ၀ိုင်းလို့ပါလားကွယ်။

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...