Skip to main content

မေမေနှင့် သူ၏ ကလေးများ။

သမီးငယ် ရေကျောက်ပေါက်နေတာ သည်နေ့ဆို ငါးရက်မြောက်...

အလှကြိုက်သူမို့ သူ့မျက်နှာမှာ အရည်ကြည်ဖုလေးတွေ ကြည့်ပြီး မှန်မကြည့်ချင်တော့ဘူးလို့... စိတ်မချမ်းမသာ ဖြစ်နေရရှာပါတယ်..။

ကောင်းတာတစ်ခုကတော့ အမာရွတ်ကျန်ခဲ့မှာစိုးလို့ မကုတ်နဲ့နော်လို့ ပြောတာကို သည်းခံ အောင့်အည်းနေရှာတာပါပဲ...။ အခုတော့ အနာလေးတွေလည်း ချပ်တဲ့ဟာတွေ ချပ်နဲ့ တော်တော်တော့ သက်သာနေပါပြီ...။  ( မိဘတို့ ထုံးစံအတိုင်းပေါ့... ကိုယ်သာ ဖြစ်လိုက်ချင်တော့တာပါပဲ.. ကလေးတွေ ခံစားနေရတာ ကြည့်ရတာ စိတ်ထဲ မကောင်းလှဘူး...) သက်သာပေမယ့် ဆေးပတ်လည်အောင် သောက်နေရသေးတုန်းပါ...။  ဆေးသောက်ခါနီးဆို သူ့ဘာသာ ဆေးပုလင်းရယ် ဇွန်းတွေ ရေတွေ အဆင်သင့်လုပ်ပြီး အမေ့ကို ဆေးတိုက်ဖို့ သတိပေးပေမယ့် တကယ်တိုက်တော့မယ်ဆို.. ခါးလို့ ထွက်ပြေးနေတတ်တဲ့ ကလေးမ...။ ဒါနဲ့ပဲ... ထုံးစံအတိုင်း အရုပ်ဝယ်ပေးမယ်.. ကြိုက်တာ ၀ယ်ပေးမယ်ဆိုပြီး ချော့မော့တိုက်ထားတာ ငါးရက်မြောက်ဆိုတော့... သူ့ရ ရမယ့် အရုပ်စာရင်းလည်း ငါးခု တောင် ဖြစ်နေပြီ...တဲ့...။

အရင်တပတ်ကမှ အသည်းအသန် ဗိုက်အောင့်လို့ ကျောင်းသုံးရက် ပျက်ထားတဲ့ သားငယ်က ဘေးက နားထောင်ရင်း မကျေမနပ်....။ သူ့ရမယ့် အရုပ်စာရင်းက သုံးခု....။ 

“ အင်း..မီးမီးက ငါးခုတောင်မှ... ရဲတောက်က တော့ သုံးခုထဲရယ်.... အဲလိုဆိုရင်......”
“ မီးမီးက ဆေးအကြာကြီးသောက်ရတာကိုး.. တောက်တောက်က သုံးခါပဲ သောက်ရတယ်လေ...”

သားငယ်ကတော့ ဆေးသောက်ရတာချင်းအတူတူ... နေမကောင်းကြတာချင်း အတူတူ....မီးမီးက ပိုရလို့ မကျေနပ်တဲ့သဘော...။ အငယ်မ ကလည်း သူရသင့်လို့ ရတဲ့ အကြောင်း ဆင်ခြေ ဆင်လက်နဲ့ ပြန်ပြောပါတယ်...။

စကားတွေက ဘယ်ကို ဦးတည်လာမလဲ တွေးကြောက်နေတဲ့  သူတို့အမေ... ကျမကပဲ သည်ကိစ္စကို ကမန်းကတန်း ၀င်ဖြတ်ပေးလိုက်ရပါတယ်...။

“ ကဲပါ.... ဆေးသောက်တာ လိမ္မာတဲ့ ကလေးတွေပဲ  ဆိုတော့ .. နှစ်ယောက်စလုံး ၅-ခု စီ  ၀ယ်ပေးမယ်လေ.... တော်ကြတော့နော်..”

ဟူး... တော်ပါသေးရဲ့... သားကြီးလည်း ဘေးမှာ ရှိမနေပေလို့. ...  တယောက်တလှည့်စီ နေမကောင်းဖြစ်ချင်နေကြရင်တော့... ဒီအမေလည်း.......။

Comments

PAUK said…
ကျနော် မကောင်းဘူး..
ချန်းချန်းကို ဘယ်တော့မှအရုပ်မ၀ယ်ပေးဖူးဘူး
သင်ခန်းစာယူသွားပါတယ်...
မီးမီးလေးး..အမြန်ဆုံးသက်သာပါစေ.
မီယာ said…
အရုပ်တွေ ပိုများလာတော့မှာပေါ့.. :) သက်သာအောင် စတစ်ကာပေးတမ်း တခါတလေ ကစားကြည့်ပေါ့ မသိင်္ဂီ.. တော်တဲ့ သူပဲ ရတာဆိုရင် စတစ်ကာလည်း လုမှာပဲ... (we've been there)
MANORHARY said…
သမီးနေမကောင်းဘူးကိုး..ဒါတောင် မနော့်ဆီလာသွား
လို့ကျေးဇူးတင်ပါတယ်။မနော်နေကောင်းပါတယ်။
မနော့်သားလည်းအဲလိုပဲ ငယ်ငယ်က ဆေးတစ်ကြိမ်မှာ
အရုပ်တစ်ခုလေ တစ်နေ့တည်းသုံးခုလောက်တောင်း
ရင်တောင်းတာ။ ဦးသိန်းအောင်ဆေးခန်းကလည်း ဆေး
ခန်းပြစဉ်တည်းက အရုပ်ကိုကြိုပေးစနစ်နဲ့ဝယ်လို့ရအောင်
စီစဉ်ပေးထားတာကိုး...း)
ခုတော့သားကလိမ္မာသွားးပြီ တက်ဘလက်တောင်သောက်
တတ်နေပြီ..
khin oo may said…
ဟိဟိ ဖတ်သွားပါတယ်။ရှင် ကျောင်းအကြောင်းမဟုတ်တဲ့ အကြောင်း
KLNG said…
အရုပ်လေးတစ်ရုပ်လောက်ပိုဝယ်ပေးပါလားငှင်ငှင်ငှင်
Sonata Cantata said…
ဒီအမေကတော့ အနုပညာ မရဘူး အကြမ်းပညာတွေချည်း လာတာ။
သက်ဝေ said…
သိင်္ဂီရေ...
သမီးလေး နေကောင်းသွားပြီလား...
တို့လဲ သိင်္ဂီ တို့လို သူငယ်ချင်းတွေရဲ့ အကြံကောင်းတွေ မေတ္တာ စေတနာတွေကြောင့် ခေါင်းကိုက်တာ သက်သာသွားပါပြီ...
ကျေးဇူးနော်...

ကိုကိုဒေါက်တာက သူများတွေကိုသာ ဆေးကုတတ်တာ... သိင်္ဂီရဲ့ ... တို့ကိုကျရင် ဘယ်လိုပြောပြော မသိချင်ယောင်ဆောင်နေတာ... ဆေးသောက်ဂျီးများပြီး ဆေးတစ်လုံးသောက်ဖို့အရေး မေးခွန်းတွေ တသီကြီးနဲ့ ဆင်ခြေ အထပ်ထပ်နဲ့ ပြီးတော့ နဲနဲလေး ဖြစ်တာကို အများကြီးဖြစ်သလို မူယာမာယာ တွေများလွန်းလို့တဲ့ လေ...
မှတ်ကရော...
tg.nwai said…
ပေါက် >> ချန်းလေးက လိမ္မာလို့ထင်တယ်နော်..။ ဒီမေမေက သည်လောက်ချစ်နေတာပဲ..ပေါက် မဆိုးပါဘူး။ ချန်း လိမ္မာတာပါ..ဟဲဟဲ..

မီယာ >> အခုခေတ်က အရုပ်တွေက ပေါများလာတော့ တွေ့သမျှ အကုန်လိုချင်နေတာပါပဲ.. စတစ်ကာလောက်ကတော့ သူတို့ ဘာသာ သူတို့ ၀ယ်နေကြတာ ဆိုတော့ မတိုးဘူး မီယာရဲ့။ ကလေးငယ်တွေဆိုတော့ အရုပ်ဖြစ်ရင် ပြီးရောမို့..တော်သေးတယ်..:)။ လူကြီးတွေကလည်း သူတို့ အသုံးတည့်မယ့် educational toys လေးတွေကို ပိုဦးစားပေးဖြစ်ပါတယ်။

မနော်ရေ...ဘလော့ဂ်ဖတ်ဖို့ အချိန်လေးပေးပြီး ၀င်လည်ဖြစ်ပါတယ်..မနော် သားလေးက tablet တွေတောင် သောက်တတ်နေပြီကိုး။ သားငယ်က အရင်ကသောက်နေကျ..တခါ လည်ပင်းမှာ နင်သွားလို့ မသောက်တော့ပြန်ဘူး.. အမှုန့်ပြန်ကြိတ်နေရတယ်..:(

မမရေ...တကယ်တမ်းကျတော့ အဆောင်အကြောင်းပဲ ရှိသေးတာ..ကျောင်းအကြောင်းတောင် မရောက်သေး..အဟေးဟေး။

ရိန်းလေး>> အရုပ်လိုချင်တာလား...ဟဲဟဲ.ဘူးလေးတွေ လိုချင်တာလား။

သီတာရေ>> နေမကောင်းဖြစ်နေတဲ့
ကလေးတွေပေါ် ပုံချလို့ မရတော့ သိတယ်မဟုတ်လား။ အကြမ်းပညာတွေကို..ဟဲဟဲ

သက်ဝေ>> ခေါင်းကိုက်သက်သာသွားပြီဆိုလို့ တော်သေးရဲ့နော်..။ ဟဲဟဲ..သက်ဝေလည်း ကိုကိုဒေါက်တာရဲ့ ကလေးပဲ နေမှာပေါ့။ ဆေးမသောက်ချင်လို့ ဂျီးများနေတာလေ..ကိုကိုက မုန့်မုန့်ကျွေးပြီး တိုက်မှ ရမှာပေါ့နော့..။
Anonymous said…
အဟိ.. ရုပ်ရုပ်ကြီး ၁ဝ ခုတောင်..
သားသားကိုကျ ဝယ်မပေးဘူး အန်တီtgက..း(
တားယဲ ၀င်ပူဆာတယ် ၀ယ်ပေး ၀ယ်ပေးး)
Taungoo said…
ကျွန်တော့်ညီမလေး ရေကျောက်ပေါက်တယ်ဆိုတုန်းကလည်း ကျွန်တော့်မှာ ဒီကနေ စိတ်တွေပူလိုက်ရတာ။ သူကလည်း သိပ်လှချင်တဲ့ကလေးမ။ အလှပျက်သွားမှာ အရမ်းစိုးရိမ်ခဲ့တာ။ ရန်ကုန်ပြန်တော့ လေဆိပ်က အထွက်မှာ ကျွန်တော့်ညီမလေးရဲ့ မျက်နှာလေးကို အကောင်းပကတိလေး လှနေတာ မြင်လိုက်တော့မှ စိတ်ချမ်းသာသွားတယ်။
အခု အမရဲ့ သမီးကလေး ဖြစ်တာဆိုတော့ အမအတော်ကို စိတ်ပူပန်နေရမှာပဲဆိုတာ အသေချာပါပဲ။ အမသမီးလေး အမြန်ဆုံး အကောင်းပကတိ လှပသက်သာ ပျောက်ကင်းပါစေ။
Nu Thwe said…
ရေကျောက်က အနာဖေးလေးတွေ ကွာကျတဲ့အချိန်မှာ ကူးတတ်တယ်လို့ မှတ်မိသလိုပဲ။ တခြားနှစ်ယောက် မဖြစ်ဖူးသေးရင် ပိုသတိထားလိုက်ပါ။ သိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ ဘယ်လိုမှ မအောက်မေ့ပါနဲ့နော်။
သမီးလေး ရေကျောက်ပေါက်နေတာလား ၇ရက်ဆိုကောင်းပြီ ခုဆိုကောင်းရောပေါ့။ ငါကလွန်ခဲ့တဲ့လေးနှစ်လောက်ကမှပေါက်လို့ပြီးသွားတာ။ ကလေးတွေကငါ့ဆီကကူးပြီး ပြီးသွားတယ်။ ဟဲဟဲ
Unknown said…
ကလေးဆိုတာ ပန်းကလေးတွေလိုပဲတဲ့။
နူးညံညင်သာစွာကိုင်တွယ်ပါလေ။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...