ဘလော့ဂ်မှာ စာမရေးဖြစ်တာ... စာတွေ မတင်ဖြစ်တာ တော်တော်ကြာသွားခဲ့ပြီပဲ...။ အသစ်မရေးနိုင်တဲ့ ကိုယ့် ဘလော့ဂ်လေးကို သွားသွားကြည့်ရတာလည်း အားနာလှတယ်...။ ရေးမယ် ရေးမယ်လို့ အားခဲပြီး မရေးဖြစ်ခဲ့တာတွေကြောင့် ဒီနေရာလေးကို ပိတ်ပစ်လိုက်ရင် ကောင်းမလားတောင် စဉ်းစားမိရဲ့။ ဒါပေမယ့် သံယောဇဉ်ကြီးတတ်တဲ့ ကျမအတွက်တော့ ဒီကိစ္စက အဲဒီလောက် ဘယ်လွယ်လိမ့်မလဲလေ...။ သူများတွေလို အဆင့်အြမင့် အဖိုးတန်စာတွေ ဟုတ်မနေပေမယ့် သားသမီးတိုင်းဟာ မိဘတွေအတွက်တော့ ရတနာချည်းပါပဲ။ အဲဒါအပြင် မိတ်ဆွေတချို့ရဲ့ ပိတ်ထားတဲ့ တံခါး၀ ကနေ လှည့် လှည့်ပြန်လာရတဲ့ ခံစားမှုကြောင့်လည်း ကိုယ့်တံခါးလေးကို အမြဲဖွင့်ထားချင်ခဲ့တာပါ...။
စာတွေ သိပ်ရေးချင်ခဲ့တဲ့ အချိန်တချိန်ရှိခဲ့ပါတယ်... ၂၀၁၀ နိုဝင်ဘာလအတွင်းမှာ ကျမအတွက်တော့ အမှတ်တရ ရေးချင်စရာတွေ သိပ်များခဲ့တယ်လေ... မြန်မာပြည်အတွက် အပြောင်းအလဲတွေ များခဲ့တဲ့ လ ဆိုလည်း မမှားသလို ကျမအတွက်လည်း ဆယ်စုနှစ်အတွင်း သူငယ်ချင်းတွေနဲ့ အများဆုံးတွေ့ခွင့်ရခဲ့တဲ့ အချိန်လေးတွေပေါ့။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံခဲ့ရသလို မိတ်ဆွေ အသစ်တွေလည်း အများကြီးတိုးခဲ့ပါတယ်။ ဘလော့ဂ်တွေကနေ စခဲ့တဲ့ ခင်မင်မှုတွေကနေ အပြင်မှာပါ စာရေးဆရာမ ချောချောလေးတယောက်နဲ့လည်း ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရသေးတာကိုး... ကော်ဖီလည်း တိုက်၊ စာအုပ်တွေပါ လက်ဆောင်ပေးလိုက်လို့ ရုပ်ချောရုံတင်မကဘူး သဘောလည်း အတော်ကောင်းပေးသားလို့ သဘောတွေ အခါခါ ကျခဲ့ရတာပေါ့....
ကျောင်းမှာတုန်းက မျက်မှန်းတန်းမိခဲ့ရုံသာရှိခဲ့ပြီး ဘလော့ဂ်အသိုင်းအဝိုင်းထဲ ရောက်မှ ပိုရင်းနှီးလာတဲ့ သူငယ်ချင်း သက်ဝေကိုတော့ ရောက်တုန်းရောက်ခိုက် နှုတ်ဆက်ဖို့ အခွင့်မသာခဲ့တာကိုတော့ စိတ်မကောင်းလှဘူး....
အဝင်အထွက် ခက်လှတဲ့ ဘလော့ဂ်တွေကို ခပ်ဝေးဝေးကနေ တချက် တချက် လှမ်းကြည့်ရင်းနဲ့ တဖြေးဖြေး ခပ်လှမ်းလှမ်း ရောက်သွားတဲ့ အချိန်မှာ သတင်းတွေရော ဝေမျှတာတွေပါ စုံလင်လှတဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာ မကြာခဏ နစ်မြုပ်နေခဲ့မိတာလည်း အမှန်ပါပဲ။ သူတို့ ဘာလုပ်နေကြသလဲ... သူတို့တွေ ဘာတွေ ပြောနေကြသလဲဆိုတာ နားထောင်ရင်း {လိုက်} တဲ့ အခါ လိုက်... မှီအောင် မလိုက်နိုင်တဲ့ အခါ ကျန်ခဲ့လိုက်ပေါ့။ အဲဒီလိုတော့လည်း မိတ်ဆွေတွေ အနား ကိုယ်နေခွင့်ရနေသေးတာပါပဲဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ပေါ်လိုက် မြုပ်လိုက်....။
ညနေကတော့ သတိရနေတယ်လို့ တိုးတိုးတိတ်တိတ်လာပြောတဲ့ အစ်မ မခင်မင်းဇော် ကြောင့် တော်တော်လေး သတိရသွားပါတယ်.... ဟုတ်တယ်... ကျမလည်း သတိရနေခဲ့တာပါ... မမခင်ဦးမေရဲ့ ဘလော့ဂ်က စီဘောက်စ်မှာ ဆုံခဲ့ကြဖူးတဲ့ ပေါက်စ်နဲ့ ခခ လေးကိုလည်း သတိရတယ်... စီဘောက်စ်တွေမှာ အရုပ်လေးတွေနဲ့ ဆော့ခဲ့တာကိုလည်း သတိရတယ်... ဘလော့ဂ်လောကက ပျောက်သွားတဲ့ နိနိတို့ကိုလည်း သတိရတယ်.... လေနူအေးရဲ့ အေးချမ်းလှတဲ့ မေတ္တာရိပ်မြုံလေးကိုလည်း သတိရတယ်။ အမြဲသွားဖတ်ပြီး မန့်လို့ မရလို့ ဒီအတိုင်း ပြန်ပြန်လာခဲ့ရတဲ့ သက်ဝေရဲ့ အက်ဆေးလှလှလေးတွေကိုလည်း သတိရတယ်... အပြင်က ချစ်စရာ လေသံတွေကိုပါ ကြားယောင်မိရင်း ဖတ်ရတဲ့ မသီတာနဲ့ အနည်းဆုံး သုံးခေါက်လောက်ဖတ်မှ နဲနဲ ရေးတေးတေးသိတဲ့ အဲ...မသီတာရဲ့ အိမ်ကလူကြီးတို့ လိုက်ဖက်ညီလှတဲ့ စာတွေကိုလည်း သတိရတယ်...ချယ်ရီပင်အောက်က မိုမိဂျီကိုလည်း သတိရတယ်...စာတွေ ဖတ်ပြီးတိုင်း ပိုပိုပြီး ချစ်လာရတဲ့ ချိုသင်းရဲ့ စာတွေကိုလည်း သတိရတယ်... ကေ နဲ့ ကိုကြီးကျောက်ဆီကိုတော့ ပေါက်ကရသုံးဆယ်တွေ သွားဖတ်ရင်း.. နေမကောင်းတဲ့ကြား ဝဲတွေပါပေါက်လို့ဆိုတော့ စိတ်မကောင်းဖြစ်ပြီး သွားကြည့်ဖြစ်သေးတယ်......။
လောလောဆယ်တော့ သတိရလို့ ရေးဖြစ်သွားတဲ့ စာလေး တပုဒ်ပေါ့.... တောင်စဉ်ရေမရ ကပေါက်တိ ကပေါက်ချာလည်း ဖြစ်ချင် ဖြစ်နေမှာပေါ့လေ.. ဒါပေမယ့် ... သတိရတယ် ဆိုကာမှ စံနစ်တကျ အစီအစဉ်တကျ သတိရခြင်းဆိုတာက... အင်း.. ထောက်ခံတာတွေ ကန့်ကွက်တာတွေ.. ပယ်တာတွေလည်း မလိုဘူး ထင်ပါရဲ့နော်....။ ဇာတ်တိုက်နေတာမှ မဟုတ်တာပဲလေ။
Comments
ညည်းကသာ ရေငုတ်နေတာ.. ဘလော့ထဲကို ပေါ်ကိုမလာဘူး.. စာရေးကောင်းတဲ့သူတယောက် ဘလော့ထဲက မပျောက်စေချင်တာ အမှန်။။
း(
13 hours ago
kom: ဒီကလည်းတတိရနေတာပါနော်။
13 hours ago
kom: ဒို့ကိုတော့ခင်ဘူးပေါ့လေ.
13 hours ago
kom: ခြေဆောင့်
13 hours ago
kom: သူ့ပေါက်ဘဲ တနေတယ်။ ဒိက မြော့နေသူကိုတော့တတိရဘူးလား။
12 hours ago
12 hours ago
Pauk: ဟယ်..မမက ဒီမှာလာပြီး..ဒေါပွပြနေတယ်တော့..ဟီးဟီး
ဝမ်းသာသွားတယ်..။